ရဲမာန်၊ ဧပြီ ၂၃ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဧပြီ ၂၃ ရက် မနက် ၁၁ ခွဲဝန်းကျင်မှာ အသေခံဒရုန်း ၃ စီးနဲ့ မုဆိုးခြုံရွာမ က စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူအပါ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းကပြောပါတယ်။
“ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၇ ဦးနဲ့ ဆရာမ ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ အဲ့ထဲကနေ ၃ ဦးက ဒဏ်ရာပြင်းထန်ပါတယ်”
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်နေတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
မနေ့ ဧပြီ ၂၁ ရက် ည ၁၁ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ရွှေဘိုအနောက်ခြမ်းက ကျေးရွာ ၁ ရွာကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။