အလင်း၊ မတ်လ ၃၀ ရက်၊ ပလက်ဝ
ချင်းပြည်နယ် မတူပီခရိုင် ပလက်ဝမြို့နယ် ကြောင်ချောင်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ မတ်လ ၂၉ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်တပ်က အရပ်သားတွေ နေထိုင်တဲ့ ကြောင်ချောင်းရွာမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“ညနေ ၄ နာရီလောက်မှာ ဂျက်ဖိုက်တာနှစ်စီး လာရောက်ပြီး ရွာကို ဗုံးကြဲသွားတာပါ။ ရွာမှာ ဘာမှမရှိဘူး။ ဒီအတိုင်း ဗုံးကြဲသွားတာပါ။ ရွာအစွန်းဘက်မှာ ဗုံးသီးတွေ ကျတယ်” လို့ ပလက်ဝဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးပြီးတော့ ကလေးတစ်ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဗုံးသီးကျတဲ့ အနီးအနားမှာ နေထိုင်တဲ့ အရပ်သားတွေ ထိခိုက်သေဆုံးတာပါ။ ၆ ယောက်လောက် ပွဲချင်း သေဆုံးတယ်။ ကလေးတစ်ယောက်အပါဝင် ၄ ဦး ဒဏ်ရာ ရတယ်။ ဒဏ်ရာရတဲ့သူတွေ ဆေးကုသမှု ခံယူနေကြပါတယ်” လို့ အထက်ပါ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပြင် လူနေအိမ်တချို့လည်း ဗုံးစထိမှန် ပျက်စီးသွားတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။