ပို့လဘား၊ မတ်လ ၃၀ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်ထဲ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာပြီး အရပ်သား ၃ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၂၉ ရက် နေ့လယ်ပိုင်းမှာ မြိုင်မြို့နယ် ကန်နီပျူစောထီးရွာကနေ အင်အား ၁၅၀ ကျော်နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်နဲ့ ပျူစောထီးဟာ ကံနက်ရွာထဲ ဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အပြင် ဒေသခံတွေရဲ့ပစ္စည်းကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ ဖမ်းသွားတာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးဘဲ သတင်းရသေးတယ်။ တစ်ချို့ပြောတာက ၄ ယောက် ဖမ်းသွားတယ်လို့ ပြောတာပဲ။ ဒေသခံတွေရဲ့ နွားဆိုလည်း အကောင် ၂၀၊ ၃၀ လောက်ရှိမယ် သူတို့ယူသွားတာ။ ဆန်၊ ဆီ၊ ဆားတွေလည်း သူတို့နိုင်သလောက ယူသွားတာရှိတယ်”
ဒါ့အပြင် မနေ့ မတ်လ ၂၉ ရက် နေ့လယ်ပိုင်းမှာလည်း မြိုင်မြို့နယ် မကျီးကန်ရွာဘက် စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်လည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်ကလည်း မြိုင်မြို့နယ်ထဲက ဘုန်းကြီးကျောင်းတစ်ခုမှာ သိမ်းဆည်းထားတဲ့ လူထုပိုင် ဆန်အိတ် ၄၀၀ ကျော်နဲ့ ပဲအိတ်တွေကို စစ်တပ်က အဓမ္မ သိမ်းယူသွားတဲ့အပြင် သံဃာတော် ၂ ပါးကိုလည်း ရိုက်နှက်သွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။