အလင်း၊ ဧပြီလ ၂၉ ရက်၊ ကန်ပက်လက်
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့၊ မုန်းချောင်းတံတားအနီးကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၉ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကျင်ဒွေးမြို့ကို ဒီနေ့ ဧပြီလ ၂၉ ရက်နေ့၊ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်မှာ တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးက မုန်းချောင်းတံတားအနီးကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် မုန်းချောင်းတံတားအနီးမှာ နေထိုင်တဲ့ အရပ်သား ၉ ဦးထက်မနည်းသေဆုံးပြီး ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ထိခိုက်မှုက အတော်များပါတယ်။ အရပ်သား ၉ ယောက်လောက် ပွဲချင်း သေဆုံးတယ်။ ၃ ယောက်လောက် ပြင်းထန်ရတယ်လို့ ကြားတယ်။ ဒီထက်လည်း ပိုများနိုင်ပါတယ်။”လို့ ကျင်ဒွေးဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တဲ့ မုန်းချောင်းတံတားအနီးမှာ မည်သည့်စစ်ရေးလှုပ်ရှားတာ၊ တိုက်ပွဲဖြစ်တာ မရှိဘဲ အရပ်သားတွေနေထိုင်တဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကျင်ဒွေးမြို့ကို CDF (ကန်ပက်လက်) ပါဝင်တဲ့ ချင်းညီနောင် (CB) နဲ့မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်က သိမ်းပိုက်ရရှိထားတဲ့ မြို့ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။