ရွှေဖီမြေ၊ ဧပြီ ၂၉ ရက်၊ မန်တုံ
မန္တလေးမြို့မှာ အလုပ်လုပ်နေတဲ့ တအာင်းဒေသ မန်တုံမြို့နယ် လွယ်ဆောင်ရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ရှေ့တန်းကို ပို့ဆောင်ခဲ့ကြောင်း သူနဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဧပြီ ၂၇ ရက် ည ၈ နာရီ ဝန်းကျင်မှာ မန္တလေး စက်မှုမှာနေပြီး အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် မိုင်းညီဆာဟာ အလုပ်ဆင်းပြီး ရပ်ကွက်ထဲ ဖုန်းဘေသွားဝယ်ချိန် စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်ချိန်နဲ့တိုးတာကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ သူငယ်ချင်းဖြစ်သူက “သူဖမ်းခံရပြီး စခန်းရောက်တဲ့ချိန် ဖမ်းခံရတဲ့အကြောင်း ဖုန်းဆက်ပြောလာတယ်။ ကျနော်မေးသေးတယ်။ ပြန်ထုတ်လို့ရလားလို့။ မရဘူးတဲ့ လူအစားထိုးမှ ရမှာတဲ့” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ မိုင်းညီဆာကိုလည်း စစ်ကောင်စီတပ်က မန္တလေးတိုင်း သပိတ်ကျင်းဘက်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သူကဆိုပါတယ်။
ဖမ်းဆီးခံခဲ့ရသူဟာ မိုင်းညီဆာအပြင် တခြားတိုင်းရင်းသား လူမျိုးစုတွေလည်းပါဝင်ပြီး စစ်ကားတစ်စီးရှိကြောင်း မိုင်းညီဆာရဲ့ပြောပြချက်ကို အထက်ပါအမျိုးသားက ပြန်ပြောပြတာ ဖြစ်ပါတယ်။
အလားတူ မန္တလေးမြို့မှာ လူလတ်ပိုင်းအမျိုးသားတွေ မကြာခဏ ဖမ်းဆီးခံနေရတာတွေရှိပြီး မိသားစုဝင်တွေနဲ့လည်း စစ်ကောင်စီတပ်က ဆက်သွယ်ခွင့် မပေးကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။