ဝတ်ရည်၊ ဧပြီ ၃ ရက်၊ ဖားကန့်
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ ကင်းစခန်း ၃ ခုကို ကချင်တပ်မတော် – KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းလိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မှော်ဝမ်းဒေသက အမှိုက်ပုံကျေးရွာစခန်း၊ သင်္ချိုင်းရှိ စခန်းနဲ့ ဆွတ်ဘွမ်ကင်းစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မနေ့ ဧပြီ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သတင်းအရင်းအမြစ်က “တိုက်ပွဲကတော့ ဖြစ်နေပါတယ်။ မနေ့ စခန်းတွေသိမ်းလို့ စစ်တပ်ဘက်က တပ်စခန်းက ဆုတ်ခွါပြီး ခဏအကြာမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့မှာတောင် လေကြောင်းကနေ ဗုံးကြဲတာ ၂ ခေါက်လောက် ရှိပါပြီ။ ဒေသခံတွေတော့ စစ်ရှောင်ကြတာ များပါတယ်။ ကျန်ရှိနေသေးတဲ့ ဒေသခံတွေအနေနဲ့လည်း ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဆိုပြီး ရွှေဖီမြေသို့ ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတက်ဘက်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြေပြင်ရှိ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
ဖားကန့်မှာ မနေ့ ဧပြီ ၂ ရက် မနက် ၅ နရီမှာ KIA၊ KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်လာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မနေ့ ဧပြီလ ၂ ရက်မှာတင် ဖားကန့်မြို့ပေါ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၆ ဦး ထိမှန်ဒဏ်ရာရရှိပါတယ်။
ဖားကန့်မြို့နယ်ပေါ်မှာ ကျန်ရှိနေသေးတဲ့ ဒေသခံတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို အထူးဂရုစိုက် နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။