ပပ၊ ဇွန်လ ၂၁ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် တောင်ကြီး-ရွှေညောင်-ဟဲဟိုးလမ်းကို စစ်ကောင်စီ တင်းကြပ်စွာ စစ်ဆေးနေကြောင်း ဒေသခံနဲ့ ခရီးသွားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ မေလ ၂၀ ရက် ည ၁၁ နာရီ ဝန်းကျင်မှာ တောင်ကြီးမြို့နယ် တောင်လေးလုံးရွာမှာ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ခရီးသွား အမျိုးသားက “ဖုန်းတွေနဲ့ မှတ်ပုံတင်တွေ စစ်တယ်။ ကားတွေလည်း အကုန်ဖွင့်စစ်တာရှိတယ်။ ကုန်တင်ရင်လည်း ဖောက်စစ်တယ်” လို့ ပြောပါတယ်။
စစ်ဆေးသူတွေဟာ စစ်ကောင်စီတပ်အပြင် ဌနဆိုင်ရာတွေက တောင်ကြီးမြို့တွင်း၊ မြို့ရှောင်လမ်းနဲ့ ဟဲဟိုးအပြင် ရွှေညောင်မှာလည်း ခရီးသွားတွေနဲ့ မြို့ခံတွေကိုပါ စစ်ဆေးနေကြောင်း တောင်ကြီးမြို့ခံတစ်ဦးကဆိုပါတယ်။
မြို့ခံအမျိုးသားက “အရင်ကဆို ဒီတိုင်းနယ်ခံတွေ သွားသွားလာလာလုပ်တာ မစစ်ဘူး။ မနေ့ည ကိစ္စကြောင့် သူတို့ကြောက်နေတာရယ် တရားခံဖမ်းဖို့အတွက်ရယ်ကြောင့်ထင်တယ်” လို့ ဆိုပါတယ်။
၎င်းပေါက်ကွဲတဲ့နေရာဟာ တောင်သုံးလုံးရွာရှိ Denko ဆီဆိုင် နဲ့ Lucky Green Land စက်သုံးဆီဆိုင်တို့အနီး ပေါက်ကွဲခဲ့တာကြောင့် အုတ်တံတိုင်းနဲ့ မျက်နှာကျက်တွေ ပျက်စီးခဲ့ပေမဲ့ ထိခိုက်သူတွေ မရှိခဲ့ကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။
၎င်းပေါက်ကွဲမှုဟာ ပအိုဝ်းပြည်သူ့စစ် PNO၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ PNLO တို့လုပ်ဆောင်တာဖြစ်ကြောင်း ကောလဟာလသတင်းတွေထွက်ပေမဲ့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သလို ဘယ်အဖွဲ့မှ ဝရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။