ပပ၊ ဇူလိုင် ၁၉ ရက်၊ သီပေါ
ရှမ်းမြောက် သီပေါမြို့နယ်ရှိ တာလုံရွာအနီးရှိ တာလုံချောင်းက ဇတ်ကူးတဲ့နေရာမှာ လှေကူးတဲ့ကြိုးပြတ်လို့ ၅ ဦး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ဇူလိုင် ၁၉ ရက် မနက် ၂ နာရီခွဲမှာ တာလုံဇတ်ကူးတဲ့နေရာမှာ လှေကူးတဲ့လှေသမား ၂ ဦးနဲ့အတူ ခရီးသည်ကားထဲ ပါတဲ့ ၅ ဦးတို့ ရေထဲမျှောပါသွားပြီး ၂ ဦးသာ အသက်ရှင်လျက် ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရသူ အမျိုးသားက “အဲကြိုးကတော့ အကြီးကြီးဘဲ သုံးတာကြာတော့ ဆွေးသွားတာဖြစ်မယ်။ မိုးရွာထားတော့ ရေလည်းတအားကြီးလို့လေ။ အဲတာကြောင့် ဘယ်သူမှ ဘာမှမလုပ်နိုင်တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီတပ် သီပေါတံတာကိုပိတ်ထားတာကြောင့် ၎င်းတာလုံလမ်းကို ခရီးသွားတွေက အသုံးပြုနေကြရပြီး ဇတ်ကူးခကိုလည်း ဆိုင်ကယ် ၁ သောင်း၊ ကားသေး ၅ သောင်းကနေ ၁ သိန်းအထိ၊ ကားကြီး ၃ သိန်းအထိ ပေးဖြတ်နေကြရကြောင်း ကားသမားတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကလည်း သီပေါ ဖောင်ဆိပ်မှာ လှေတစ်စီး မှောက်ခဲ့ပေမဲ့ ကမ်းအနီးရောက်တာကြောင့် သေဆုံး၊ ဒဏ်ရာရတာ မရှိခဲ့ပါဘူး။
မိုးရာသီရောက်ပြီဖြစ်တာကြောင့် ဇတ်ကူးရတဲ့ ခရီးသွားတွေ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပေးဖို့ လိုအပ်ကြောင်းနဲ့ တံတားကိုအမြန်ဆုံး ပြန်ဖွင့်ပေးဖို့ လိုအပ်ကြောင်း အထက်ပါ အမျိုးသားက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။