ပျားကြီး၊ ဇူလိုင် ၁၉၊ မန္တလေး
မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ အာဇာနည်နေ့အခမ်းအနားတွေနဲ့ဉဩဆွဲမှုတွေ မလုပ်ဖို့ စစ်ကောင်စီက ပိတ်ပင်တားမြစ်ထားပြီး ဗဟိုမီးသတ်စခန်းတစ်ခုထဲမှာပဲ ဟန်ပြလုပ်ဆောင်ဖို့ ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့(ဇူလိုင်လ ၁၉ ရက်)မှာ ကျရောက်တဲ့ ၇၉ နှစ်ပြည့်အာဇာနည်နေ့မှာ အရင်ကပြုလုပ်လေ့ရှိတဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရပ်ကွက်
အလိုက်ဉဩဆွဲအလေးပြုမှုတွေမလုပ်ဖို့ တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
“အရက်ကဆို ရပ်ကွက်အုပ်ချုပ်ရေးရုံးတိုင်းလိုလို မီးသတ်ကားတွေ၊ ပရဟိတအသင်းကားတွေနဲ့ဉဩဆွဲအလေးပြုတာတွေလုပ်တယ်။ အခုတော့အဲ့ဒါတွေလုပ်ခွင့်မပေးဘူး။ ဗဟိုမီးသတ်မှာပဲ မတတ်သာလို့ဖြစ်ကတတ်ဆန်းလုပ်ခွင့်ပေးတာ”လို့ အောင်မြေသာစံမြို့နယ်က အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။
အာဇာနည်နေ့အခမ်းအနားတွေမလုပ်ဖို့ စစ်ကောင်စီတပ်ကပိတ်ပင်ထားပေမဲ့ မြို့ပေါ်ကလူစည်ကားရာနေရာတွေမှာ ရဲနဲ့ပျူစောထီးတွေကို မနေ့(ဇူလိုင်လ ၁၈ ရက်) ညနေပိုင်းကတည်းက လုံခြုံရေးယူခိုင်းထားပြီး ရဲကားတွေ၊ပျူစောထီးတွေပါတဲ့ လိုင်စင်မဲ့ကားတွေနဲ့ လမ်းတွေပေါ်မှာကင်းလှည့်မှုတွေပြုလုပ်နေတာ တွေ့နေရတယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာတော့ သမ္မတမင်းအောင်လှိုင်ကိုယ်တိုင် အာဇာနည်ဗိမာန်ကို လာရောက်ပန်းခွေချအလေးပြုခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့မိသားစုဝင်တွေကိုနှုတ်ဆက်ခဲ့တယ်လို့ စစ်တပ်လက်ဝေခံသတင်းဌာနတွေကထုတ်လွှင့်ဖော်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ ရန်ကုန်မြို့ပေါ်ကမြို့နယ်အချို့မှာ ဒီကနေ့မနက်ပိုင်းကစပြီး ရုတ်တရက်တယ်လီဖုန်းလိုင်းတွေပြတ်တောက်ခဲ့သလို Jummer တပ်ဆင်ထားတဲ့ကားတွေကလည်း အာဇာနည်ကုန်းတစ်ဝိုက်ကိုဖြန့်ကြက်နေရာယူထားတာတွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေကဆိုပါတယ်။
ဒီနှစ်မှာလည်း စစ်ကောင်စီတပ်ရဲ့ အကျဉ်းချခြင်းကို ခံထားရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဂါရဝပြုခွင့်ပေးတာ မတွေ့ရပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။