မြတ်နိုး၊ ဇူလိုင် ၂၇ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းတိုက်နယ် ခွန်ဆာကုန်းဘက်မှာ မနေ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက မိုင်းကွဲတာကြောင့် ယာဉ်မောင်းနှစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့က မိုင်းကွဲတာဟုတ်တယ်။ လုံးခင်းတိုက်နယ် ခွန်ဆာကုန်း ကားကြီးကွင်းအကျော် ဘုန်းကြီးကျောင်းနား လမ်းဘေးမှာ ထောင်မိုင်း ကွဲတာ။ အရပ်သားပြည်သူတွေပဲ ထိကုန်တာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားရာနေရာနဲ့ လက်တစ်ကမ်းအကွာလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်သူ ဒဏ်ရာ ပြင်းထန်တယ်လို့ သူက ပြောပါတယ်။
“မနက် ၈ နာရီ ၂၂ မိနစ်လောက်က ထောင်မိုင်း ချိန်ကိုက်မိုင်းလား မသိဘူး။ ဒဏ်ရာရတာ နှစ်ယောက်။ မိုင်းက သုံးလုံးကွဲတယ်။ ပြီးခဲ့တဲ့တစ်ခေါက်လည်း အဲဒီနားမှာ နှစ်လုံး ကွဲဖူးတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကားသမား ဦးအောင်ကိုဦးက ဝမ်းဗိုက် ညာဘက် ထိခိုက်ပြီး ဒဏ်ရာ ပြင်းထန်ကာ ကားသမား အောင်ကြီးက ခေါင်းညာဘက်နဲ့ ညာဘက် ခြေသလုံး ထိခိုက်ပြီး ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။
ဖားကန့်-လုံးခင်းဒေသဟာ ပြီးခဲ့တဲ့နှစ်ကစပြီး KIA ပူးပေါင်းတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတဲ့ဒေသဖြစ်ပြီး လမ်းမတစ်လျှောက်နဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ မိုင်းပေါက်ကွဲမှု အကြိမ်ကြိမ် ဖြစ်ပွားနေတာပါ။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဒီဖြစ်စဉ်မတိုင်ခင်လည်း အဲဒီနေရာအနီးမှာ မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ဖူးပြီး ဒီတစ်ကြိမ်ကတော့ သုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ မိုင်းဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့ကမှ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။