ရွှေဖီမြေ၊ မေလ ၂၈ ရက်၊ ပန်ဆန်း
“ဝ”တပ်မတော်- UWSA နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ၃၇၀.၂၇၆ ကီလိုဂရမ်ကို ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေနဲ့အတူ တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က မနေ့ မေလ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတွေကို ဘယ်နေရာမှာ ဖမ်းဆီးရမိလဲဆိုတာ တိတိကျကျ ဖော်ပြထားခြင်း မရှိဘဲ တရုတ်ဘက်က ပေးပို့တဲ့ သတင်းအချက်အလက်ပေါ် အခြေခံကာ နယ်စပ်တစ်နေရာမှာ ဖမ်းဆီးရမိတာဖြစ်ပြီး ယုံဟော်နယ်စပ်ဂိတ်ကနေတဆင့် တရုတ်ဘက် လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် တရားခံ ၃ ဦးကိုလည်း ဖမ်းဆီးရမိထားပြီး အဲဒီတရားခံ ၃ ဦးကိုတော့ တရုတ်ဘက် လွှဲပြောင်းပေးတယ်လို့ မဖော်ပြပေမဲ့ WSP က သက်ဆိုင်ရာ ဥပဒေနဲ့အညီ တရားစီရင်မယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲ ဘယ်လိုအမျိုးအစားတွေ ပါဝင်လဲဆိုတာကိုလည်း တိတိကျကျ ဖော်ပြထားခြင်း မရှိဘဲ မူးယစ်ဆေးဝါးအမျိုးမျိုးလို့သာ ဖော်ပြထားပါတယ်။
လူသိများတဲ့ ICE (Methamphetamine)က ၃၇၀.၂၇၆ ကီလိုဂရမ် (ကျပ်သိန်းပေါင်း ၂၈,၂၀၆.၉-၂.၈၂ ဘီလျံ)၊ ဘိန်းဖြူ တန်ဖိုးက ကျပ်သိန်းပေါင်း ၁၈၅,၁၃၈ (၁၈.၅ ဘီလျံ) ရှိတယ်လို့ စစ်ကောင်စီဘက်က တွက်ချက်ဖူးတဲ့ ကာလတန်ဖိုးအရ သိရပါတယ်။
“ဝ”တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်တုန်းကလည်း ထိုင်း-လာအို-မြန်မာ သုံးနိုင်ငံနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ ကျပ် ၁၀ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးဝါး (ဘိန်းဖြူ၊ ICE)တွေကို ယုံဟော်နယ်စပ်ဂိတ်ကနေတဆင့် တရုတ်ထံ လွှဲပြောင်းပေးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။