ရွှေဖီမြေ၊ ဇူလိုင် ၁၈ ရက်၊ ပန်ဆန်း
“ဝ” တပ်မတော် – UWSA ထိန်းချုပ်ဒေသ မြို့တော်ဖြစ်တဲ့ ပန်ဆန်း (ပန်ခမ်း) မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူလူထုတွေရဲ့ အိမ်ထောင်စုစာရင်းတွေကို ပြန်လည်စစ်ဆေးပြီး အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အသစ် အခမဲ့ ပြုပြင်လဲလှယ်ပေးသွားမယ်လို့ “ဝ” ပြည်တရားရေးကော်မတီ – WSP က မနေ့ ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အိမ်ထောင်စုစာရင်းအသစ်နဲ့ မှတ်ပုံတင်အသစ်တွေကို လာမယ့် ဇူလိုင် ၂၀ ရက်မှာ စတင်လဲလှယ်ပေးသွားမှာဖြစ်ပြီး ဒီလိုပြုပြင်လဲလှယ်ရတဲ့ အကြောင်းအရင်းက ပန်ဆန်းမြို့နယ်ထဲမှာရှိတဲ့ ပြည်သူတွေရဲ့ လူဦးရေအချက်အလက်တွေ တိကျမှန်ကန်ပြီး ပြည့်စုံစေဖို့နဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ တရားဝင်အခွင့်အရေးကို အာမခံချက်ပေးနိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူလူထုတွေအနေနဲ့ မိမိတို့ မူရင်းအိမ်ထောင်စုစာရင်း၊ အိမ်နံပါတ်ပြေစာနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တို့ကို ရဲတပ်ဖွဲ့ဌာနရဲ့ အိမ်ထောင်စုစာရင်းဌာနခွဲကို ယူဆောင်လာပြီး အသစ်လဲလှယ်ဖို့ ဆော်ဩထားပါတယ်။
“ဝ” ရဲတပ်ဖွဲ့ – WSP က ဒီနှစ် ၂၀၂၆ နှစ်စပိုင်းကစလို့ အခုဇူလိုင်လအထိ ၇ လအတွင်း “ဝ” ပြည်ထဲ တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၁၀၀၂ ဦးကို တရုတ်ပြည်ထဲ ပြန်ပို့ခဲ့ပြီး ကျားဖျန့် (အွန်လိုင်ငွေလိမ်လည်မှု) လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၄၃၁ ဦးကိုလည်း တရုတ်ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ WSP ရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
တရားမဝင်ဝင်ရောက်မှုနဲ့ ကျားဖျန့်လုပ်ငန်းလုပ်ကိုင်မှုတို့ကြောင့် တရုတ်နိုင်ငံသားထောင်နဲ့ချီ ဆက်တိုက်ပြန်ပို့ပြီးနောက်ပိုင်း WSP က အခုလို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နဲ့ အိမ်ထောင်စုစာရင်းတွေကို စစ်ဆေးပြောင်းလဲသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။