အလင်း၊ ဇူလိုင် ၁၈ ရက်၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ဟားခါးမြို့၊ မြို့မရဲစခန်းကနေ ဆိုင်ကယ်နဲ့ ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို မနေ့ ဇူလိုင် ၁၇ ရက်၊ မနက်မှာ ချင်းကာကွယ်ရေးတပ် (ဟားခါး) က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“မနက် ၆ နာရီနဲ့ ၇ နာရီကြားမှာ ရဲစခန်းကနေ ဂန့်ဂေါလမ်းဘက် တက်သွားတဲ့အချိန်မှာ CDF ဟားခါးက ပစ်ခတ်သွားတာပါ။”လို့ ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးက နေရာလေးတင်ပွဲချင်း သေဆုံးပြီး ၎င်းတို့ရဲ့ရုပ်အလောင်းကို ဟားခါးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင် ထားတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေဟာ မြို့တွင်း လမ်းဆုံ၊လမ်းခွတွေမှာ အင်အားအများအပြား ချထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။
“ဟားခါးမှာ မနေ့က တနေ့လုံး စစ်သားတွေ၊ ရဲတွေ ကားတွေနဲ့ ပတ်တယ်။ လမ်းဆုံ၊ လမ်းခွတွေမှာလည်း လုံခြုံရေး အင်အားတွေ အများကြီးချထားတယ်။ လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးတာတွေ့ရတယ်”လို့ ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဟားခါးမြို့နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ လုံခြုံရေးဆိုင်ရာ အခြေအနေကြောင့် CDF-Hakha က ဇူလိုင်လ ၇ ရက်နေ့ မှစတင်ကာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။