စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားခိုးလာတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း မြင်တွေ့ခဲ့ရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် (၁၂) က နေအိမ်တစ်ခုထဲမှာ ကားခိုးပြီး မောင်းပြေးချိန် လမ်းဘေးဝင်တိုက်မိတာကြောင့် သူခိုးက ထွက်ပြေးဖို့ ကြိုးစားနေချိန်မှာပဲ ဒေသခံတွေ ဝိုင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုမြင်ခဲ့ရသူ အမျိုးသားက “သူက ကားခိုးလာပြီး မီးပွိုင့်မရောက်ခင်မှာ လမ်းဘေးဝင်တိုက်မိလို့ ကားပျက်သွားတာ။ အဲအချိန်မှာ ထွက်ပြေးရင်းနဲ့ မိသွားတာ။ အဲအချိန် လူအဲလောက်များတာကို တအားသောင်းကျန်းနေသေးတာ” လို့ ပြောပါတယ်။
ကားပျက်သွားတဲ့ အချိန်မှာပဲ အနီးရှိ ဆိုင်ကယ်တစ်စီးကိုပါ ထပ်မံခိုးယူဖို့ လုပ်ဆောင်ခဲ့တာကြောင့် အနီးဝန်းကျင်က ဒေသခံတွေက တွေ့ရှိခဲ့ပြီး ဆိုင်ကယ်ကို ပြန်ရခဲ့တယ်လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။
လားရှိုးမြို့မှာ အလားတူဖြစ်စဉ်မျိုး မကြာခဏဖြစ်ပွားနေပြီး သက်ဆိုင်ရာက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးနိုင်တာ မရှိတာကြောင့် ဒေသခံတွေက သူခိုးတွေကို ကိုယ်ထူကိုယ်ထဖမ်းဆီးနေကြရတာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ သူခိုးတွေကို သက်ဆိုင်ရာတွေထံ လွှဲပေးတာမျိုးရှိပေမယ့် သက်ဆိုင်ရာတွေက ပြန်လွတ်ပေးတာတွေရှိကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။