ရွှေဖီမြေ၊ ဇွန်လ ၉ ရက်၊ မန်တုံ
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မန်တုံမြို့အထွက် နမ့်ဆန်ဘက်သွားတဲ့လမ်းမှာ ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ ဇွန်လ ၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ အသက် ၄၇ နှစ်အရွယ် ဦးအောင်ပြည့်ဆိုသူက မန်တုံကနေ နမ့်ဆန်ဘက် သွားတဲ့အချိန်မှာ နမ့်ဆန်ကနေ မန်တုံသို့ ဆင်းလာတဲ့ ၄၉ နှစ်အရွယ် ဦးအိုက်လူနဲ့ ဆိုင်ကယ်ချင်း တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။
“တိုက်မိတဲ့အချိန် ဘယ်သူမှ မမြင်ဘူးလေ။ သူတို့ တိုက်မိတာ မထနိုင်တော့လို့ သွားလာတဲ့လူမြင်ပြီး သူတို့ကို ဆေးရုံ ခေါ်သွားတာ။ အသက်ရှင်တဲ့လူ(ဦးအိုက်လူ) ပြောပြချက်အရ သူ့ဆိုင်ကယ် ဘီးပေါက်လို့ ဖြေးဖြေးမောင်းတဲ့အချိန် ဟိုလူက အရှိန်နဲ့မောင်းလာလို့ တိုက်မိသွားတာလို့ပြောတယ်။ သူတို့နှစ်ယောက်လုံး ကိုယ့်လမ်းကို မမောင်းဘူး။ လမ်းအလယ်မှာ တိုက်မိတာ”
သေဆုံးသွားတဲ့ အမျိုးသားဟာ မိုးကုတ်မြို့နယ် ဘော်လုံးကြီးကျေးရွာခံဖြစ်ကြောင်း သူ့ရဲ့မှတ်ပုံတင်အရ သိရပြီး ၎င်းနဲ့တိုက်မိတဲ့ ဦးအိုက်လူကို လက်ရှိမှာ တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာလည်း မန်တုံမှာ ဆိုင်ကယ်နှစ်စီး တိုက်မိရာကနေ လူ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။