ရွှေဖီမြေ၊ မေလ ၂၀ ရက်၊ မောတောင်
ကရင်အမျိုးသားအစည်းအရုံး- KNU နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
စစ်တပ်က မောတောင်မြို့ကို ပြန်ရဖို့ ပြီးခဲ့တဲ့ မေလ ၅ ရက်က စတင်ကာ မြိတ်မြို့နယ် သံဖြူကျေးရွာကနေတဆင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မနေ့ မေလ ၁၉ ရက်မှာ မြို့ကို အလုံးစုံ ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းထဲက ၎င်းတို့ လက်လွှတ်ထားရတဲ့ နေရာတွေကိုလည်းဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
မောတောင်မြို့ဟာ ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိသလို နယ်စပ်ကုန်သွယ်ရေးရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲ KNU နဲ့ ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
KNU တပ်ဘက်ကတော့ မောတောင်မြို့ကို စစ်တပ်ထံ ပြန်လည် လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း၊ ကရင်၊ တနင်္သာရီနဲ့ ချင်းပြည်နယ်ထဲ ၎င်းတို့ လက်လွှတ်ထားရတဲ့ နေရာတွေကို ထိုးစစ်ဆင်မှု ဆက်တိုက် ပြုလုပ်နေပြီး တော်လှန်ရေးတပ်တွေဘက်က နယ်မြေတချို့ လက်လွှတ်ခဲ့ရတာတွေလည်း ဆက်ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။