ရွှေဖီမြေ၊ မေလ ၂၀ ရက်၊ နမ္မတူ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်မှာ တအာင်းကျန်းမာရေးအဖွဲ့အစည်း- THO နဲ့ တအာင်းကျန်းမာရေးကောင်စီ- THC ပူးပေါင်းပြီး ၅ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးမယ်လို့ THO က ဒီနေ့ မေလ ၂၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
ကာကွယ်ဆေး ထိုးနှံမယ့်နေရာဟာ နမ္မတူဆေးရုံကြီးမှာ ထိုးနှံပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကာကွယ်ဆေး ထိုးနှံပေးမယ့်ရက်တွေကို မေလ ၂၂ ရက်ကနေ ၂၆ ရက်နေ့အထိ သတ်မှတ်ထားပြီး အုပ်စုနဲ့ ရပ်ကွက်အလိုက် ဘယ်ရက်မှာ လာရောက် ထိုးနှံရမယ်ဆိုတာကိုလည်း သတ်မှတ်ထားပြီ ဖြစ်ပါတယ်။
လာမယ့် မေလ ၂၂ ရက်မှာ မြို့ဦး၊ အောင်သီရိ၊ ဘော်တွင်းအုပ်စု၊ မိုင်းဆင်အုပ်စု၊ ဆိုက်ခေါဝ်အုပ်စု၊ နမ့်တောင်းကုန်းအုပ်စုဖြစ်ပြီး မေလ ၂၃ ရက်မှာတော့ အောင်ရတနာ၊ ရွှေဘုံသာ၊ ဘော်တွင်းအုပ်စု၊ မိုင်းဆင်အုပ်စု၊ ဆိုက်ခေါဝ်အုပ်စုတွေ ဖြစ်တယ်လို့ သိရပါတယ်။
မေလ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ရပ်ကွက်(၈)၊ အောင်ချမ်းသာ၊ မြို့မဈေး၊ ပန်လုံအုပ်စု၊ မန်စံအုပ်စု၊ မိုင်းရင်အုပ်စု၊ နားဆိုင်းအုပ်စု၊ အောင်မင်္ဂလာ၊ ရွှေမြင်းသာအုပ်စုတွေပဲ ဖြစ်ပါတယ်။
နောက်ဆုံးရက်ဖြစ်တဲ့ ၂၆ ရက်မှာတော့ သတ်မှတ်ထားတဲ့ ရက်အတွင်း မထိုးလိုက်ရသေးတဲ့ ဒေသခံတွေအနေနဲ့ အဲဒီရက်မှာ လာရောက် ထိုးနှံနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကာကွယ်ဆေး လာရောက်ထိုးနှံမယ့်သူတွေအနေနဲ့ ကိုယ့်ကလေးရဲ့ မွေးစာရင်း သို့မဟုတ် မွေးလက်မှတ်နဲ့ ကာကွယ်ဆေးထိုး ကတ်ပြားကို ယူဆောင်လာကြပေးဖို့ တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။