ရွှေဖီမြေ၊ ဧပြီ ၂၉ ရက်
တနင်္သာရီတိုင်းက မောတောင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၇ ရက်မှာ မောင်တောင်မြို့နယ် မယ်ဝါး( သဲဖြူ) ကျေးရွာနဲ့ မောတောင်မြို့ပေါ်ရှိ ရပ်ကွက်အတွင်းထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး (၁၂) လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
KNUရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “အဲဘက်ကတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေပဲ။ အဲဒီဒေသတစ်ဝိုက်မှာဆိုရင် မကြာခဏတိုက်ပွဲတွေ ဖြစ်တယ်။ စခန်းတွေလည်း မကြာခဏ ကျတယ်ဆိုတော့လေ။ သူတို့လည်း အဲဒီအနားတစ်ဝိုက်မှာ အခဲမကြေပဲ ပြန်ပြီး တိုက်ခိုက်နေတာ တွေ့ရတယ်။ အဓိကတော့ သူတို့က ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ တွေ့ရတာပေါ့” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တဲ့အပြင် ပြည်ဖြိုးထွန်းကုမ္ပဏီ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းမှ အလုပ်သမားတွေရဲ့ နေအိမ်တန်းလျားတချို့လည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေကလည်း ထိတ်လန့်ကြရပြီး ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကလည်း ခလယ်လွီထူခရိုင်၊ မူးမြို့နယ်က ပျဥ်းမပင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ နိုင်ငံတကာ တရားဝင်မှု ရရှိရန် အတုယောင်ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီး အတုယောင်အစိုးရဖွဲ့ရန် ကြိုးပမ်းနေပေမယ့် မြေပြင်မှာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို ကျူးလွန်ပြီး စစ်ရာဇဝတ်မှုကိုလည်း
ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။