မတ်လ ၁၅၊ ကွတ်ခိုင်
မနေ့ မတ်လ ၁၄ရက်နေ့ မနက်ပိုင်းကစပြီး ကိုးကန့်တပ်-MNDAAက ကွတ်ခိုင်အပါအဝင် ပြည်ထောင်စုလမ်းတစ်လျှောက် တအာင်းတပ်-TNLA တပ်စခန်းအများအပြားကို ထိုးစစ်ဆင် ဖယ်ရှားခဲ့ပေမယ့် ထိုးစစ် ခုခံနေရတဲ့နေရာတွေကလွဲလို့ ကျန်နေရာအားလုံး တအာင်းတပ်ဘက်က ပစ်မိန့်မပေးသေးဘူးလို့ စုံစမ်းသိးပါတယ်။
လက်ရှိ ကိုးကန့်တပ်ဟာ ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖက်ကာ၊ မုံးစီးနယ်တွေဘက်မှာ ကိုးကန့်တပ်က အပြင်းအထန်ထိုးစစ်တိုက်ခိုက်လျက်ရှိနေတာ ဖြစ်ပါတယ်။
“မျက်နှာချင်းဆိုင်တဲ့အနေအထားတော့ ရှိနေတယ်။ အထက်က ပစ်မိန့်မကျဘူး။ အကုန်ထိန်းနေရတယ်”လို့ ကိုးကန့်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကွတ်ခိုင်မြို့ထဲမှာ တိုက်ပွဲဆက်လက်ပြင်ရထန်နေပြီး မြို့ပေါ်မှာ ဒရုန်းအများအပြား ပျံဝဲနေဆဲ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် နမ့်ဖက်ကာ-နမ့်ခမ်းလမ်းပေါ်ရှိ ၁၂မိုင်ဂိတ်ကိုလည်း ကိုးကန့်တပ်က ဒရုန်းအများအပြားနဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိတော့ အသံငြိမ်သွားပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တအာင်းကျေးရွာတွေကိုလည်း ကိုးကန့်တပ်က အစည်းအဝေးခေါ်ဆိုထားပြီး တအာင်းတပ်နဲ့ မဆက်သွယ်ဖို့ စစ်ဝတ်ဆုံတွေ နေအိမ်မှာ မထားဖို့ ပြောဆိုထားတာတွေလည်း ရှိနေပါတယ်။
ကိုးကန့်တပ်ဟာ ညီနောင်မဟာမိတ် ၃ဖွဲ့ ထိန်းချုပ်တဲ့ ၁၀၅မိုင်မှာလည်း အဝင်အထွက်ကို ပိတ်ပင်ထားပြီး လမ်းမကြီးတစ်လျှောက် ကင်းလှည့် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။