အလင်း၊ ဇူလိုင် ၁၇ ရက်၊ ထန်တလန်
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီက အားလုံးစုံ ထိန်းချုပ်ထားခြင်း မရှိသေးဘဲ တိုက်ပွဲတွေ ဆက်လက်ရှိနေသေးတယ်လို့ CDF ထန်တလန်က ရွှေဖီမြေသို့ ပြောပါတယ်။
ထန်တလန်မြို့ကို စစ်ကောင်စီက အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ မနေ့ဇူလိုင် ၁၇ ရက်နေ့၊ ညနေပိုင်းမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ထန်တလန်မြို့ အားလုံးစုံ ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ထားပေမဲ့ ထန်တလန်မြို့တွင်းမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေသေးသလို တိုက်ပွဲတွေလည်း ဆက်ရှိနေသေးပါတယ်။
“မြို့တွင်းမှာ စစ်ကောင်စီတင် မဟုတ်ပါဘူး။ ကျတော်တို့ တပ်ဖွဲ့တွေလည်း ရှိနေသေးပါတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေသေးပါတယ်။ စစ်ကောင်စီ ထုတ်ပြန်တာ လုံးဝ မမှန်ကန်ပါဘူး။”လို့ CDF ထန်တလန်က ရွှေဖီမြေသို့ ပြောပါတယ်။
လက်ရှိ ထန်တလန်မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ၎င်းတို့ထိန်းချုပ်တဲ့ နေရာတွေမှာရှိနေသလို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကလည်း ၎င်းတို့ထိန်းချုပ်တဲ့ နေရာမှာ ဆက်လက်ရှိနေသေးပြီး တိုက်ပွဲတွေ ရျှိနသေေးတာဖွဈပါတယျ။
“ထန်တလန်မြို့ကို အားလုံစုံ ထိန်းချုပ်တယ်ဆိုတာ စိတ်ဓာတ်စစ်ဆင်ရေးသဘောနဲ့ ဝါဒဖြန့်တာပါ။ သူတို့ထုတ်ပြန်တဲ့ဓာတ်ပုံဟာ သူတို့ထိန်းချုပ်တဲ့ နေရာတွေဘက်က ဓာတ်ပုံတွေဖြစ်တယ်။”လို့ CDF ထန်တလန်က ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ထန်တလန်မြို့ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ လူနေအိမ်တွေအတွင်း ဝင်ရောက်နေရာယူထားသော ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ စစ်ကောင်စီဘက်က အပြီးသတ်တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲမှာ ထန်တလန်မြို့ မီးသတ်တပ်ဖွဲ့ရုံး၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ရှေ့မှာ စစ်ကောင်စီတပ်သားတွေ ရပ်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ ဖလမ်း၊ တွန်းဇံ စတဲ့မြို့နယ်တွေကို ပြန်လည်သိမ်းပိုက်ပြီးနောက် ထန်တလန်မြို့ကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ လကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။