ရွှေဖီမြေ၊ ဧပြီ ၉ ရက်၊ ပန်ခမ်း
“ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ ပန်ခမ်းခေါ် ပန်ဆန်းမြို့နယ် ယုံပန်း (ယောင်းပန်း)ရွာက ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး UWSA က စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်လာပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ စက်ရုံက ယမ်းချက်လုပ်တဲ့စက်ရုံလို့ သတင်းထွက်ပေါ်နေပေမဲ့ UWSA က အဲဒီစက်ရုံဟာ ဓာတုဗေဒစက်ရုံလို့ ဖော်ပြထားပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် အနီးအနားမှာရှိတဲ့ လူ ၁၆၀ ထက်မနည်း ထိခိုက်သေဆုံးမှု ရှိနေတယ်လို့ သတင်း ထွက်ပေါ်နေပြီး စက်ရုံကို ဦးဆောင်လုပ်ကိုင်ကြတဲ့ တရုတ်နိုင်ငံသားတချို့ကိုလည်း UWSA က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။
UWSA က လူထိခိုက်မှုအခြေအနေ တိတိကျကျ ဖော်ပြထားခြင်း မရှိပေမဲ့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေက စစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးမှု ပြုလုပ်သွားမှာဖြစ်ပြီး စစ်ဆေးမှုရလဒ်တွေကို အများပြည်သူ သိရှိစေဖို့ အချိန်နဲ့တပြေးညီ ကြေညာသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကောလဟာလသတင်းတွေ ဖြန့်ဝေခြင်း မပြုလုပ်ဖို့၊ မလိုအပ်တဲ့ ထိတ်လန့်စိုးရိမ်မှု မဖြစ်ပေါ်စေဖို့အတွက် ပေါက်ကွဲမှုဆိုင်ရာ အချက်အလက်တွေကို သက်ဆိုင်ရာ ဌာနတွေရဲ့ ကြေညာချက်ကိုသာ အတည်ပြုဖို့ တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။