ဆုမွန်၊ မေလ ၂၅ ရက်၊ နောင်ချို
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ အမျိုးသားတစ်ဦးက မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၂၄ ရက် ညနေ ၄ နာရီခွဲမှာ နောင်ချိုမြို့နယ် လုံရုံးရွာနေ အသက် ၅၇ နှစ်အရွယ် ဦးအိုက်စောဆိုသူက ခြံရှင်းရင်း မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “သူက သူ့အိမ်ရဲ့ အရှေ့ဘက်မှာ ခြံရှင်းရင်းနဲ့ နင်းမိတာ။ သူ့ခြေထောက် ထိသွားတယ်။ သူ့ခြေတစ်ဖက်က ဖြတ်ခံရမယ်နဲ့တူတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ မိုင်းနင်းမိတဲ့ ဦးအိုက်စောကို ဆေးကုသမှု ခံယူနိုင်ဖို့ ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကလည်း နောင်ချိုမြို့ ပါဟတ်ရပ်ကွက်က အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ထက်ကိုအောင်ဆိုသူဟာ ၎င်းတို့ရဲ့ နေအိမ်မှာ ထင်းခွဲရာကနေ မိုင်းပေါက်မိလို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၁၁ ရက်ကလည်း နောင်ချိုမြို့နယ် အုမ္မသီးရွာနေ အသက် ၃၄ နှစ်အရွယ် စိုင်းလောင်လျန်းဟာ ခြံရှင်းရင်း မိုင်းခုတ်မိလို့ ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။