ဆုမွန်၊ ဇွန်လ ၁၇ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်- မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး အမှိုက်ကောက်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ ဇွန်လ ၁၆ ရက် နေ့လယ် ၃ နာရီဝန်းကျင်က မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ အမျိုးသားတစ်ဦးက အမှိုက်ကောက်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“ရပ်ကွက်ထဲမှာ တရုတ်ဘိုးတော်က ပလုံကောက်ရင်းနဲ့ပေါက်ကွဲမှုဖြစ်ပြီး သေသွားတာ။ သူက ပုလုံအမြဲတမ်းကောက်တဲ့အဖိုးပါ။ အဲဒီလက်ပစ်ဗုံးက အမှိုက်ပုံနေရာမှာ တစ်ယောက်ယောက်က လာပစ်သွားတာမျိုးလား ကျကျန်ခဲ့တာလား မပြောတတ်ဘူး။ မူဆယ်မှာ ပြည်သူ့စစ်တွေများတော့ သူတို့ကျကျန်ခဲ့တာလည်း ဖြစ်နိုင်တယ်”
အဆိုပါ သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၇၀ ဝန်းကျင်သာဖြစ်ပြီး စိတ်ကျန်းမာရေးချို့ယွင်းသူတစ်ဦးလည်း ဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
မူဆယ်မြို့နယ်ဟာ စစ်တပ်အပြင် ၎င်းရဲ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ သွားလာလှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်တာတွေ မကြာခဏ ဖြစ်ပွားနေသလို ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။