ရဲမာန်၊ မတ်လ ၂၉ ရက်၊ အင်းတော်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာမှာ ဗုံးသီးတစ်လုံးကို ယူဆော့မိရာကနေ ပေါက်ကွဲပြီး ကလေး ၁ ဦးသေဆုံးခဲ့တယ်လို့ Indaw Revolution -IR က မနေ့ မတ်လ ၂၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးယူဆောင်လာတဲ့ ၆၀ မမ ဗုံးသီးကို ခဲနဲ့ ဝိုင်းထုရာကနေ ဖြစ်ပွါးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
“ကလေး ၂ ယောက် ယူဆော့တာ။ အဲ့ကလေးတွေက ၆၀ မမ ဗုံးသီးကို ခဲတွေနဲ့ ဝိုင်းထုကြတာ။ အစက မပေါက်ကွဲဘူး။ မပေါက်တော့ သေတဲ့ကလေးက အနီးကပ် ခဲကြီးကြီးနဲ့ သွားထုတာ။ အဲ့ကလေး ၂ ယောက်လုံးတော့ ဆေးရုံရောက်သွားသေးတယ်”လို့ Indaw Revolution -IR က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ၁၀ နှစ်အရွယ်ကလေး ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကာ အခုပေါက်ကွဲမှုဟာ အင်းတော်မြို့နယ်မှာ ၄ ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အင်းတော်မြို့မှာ ပေါက်ကွဲစေတက်တဲ့ လက်နက်ကြီး ပစ္စည်းတွေနဲ့ ပက်သက်ပြီး သက်ဆိုင်ရာလူကြီးတွေအနေနဲ့ ပညာပေးဟောပြောမှုကို ထိထိရောက်ရောက် ပြုလုပ်စေချင်တယ်လို့ ၎င်းက အကြံပြု ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။