ရွှေဖီမြေ၊ မတ်လ ၂၉ ရက်
လားရှိုးမြို့မှာ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ဖမ်းဆီးရမိပြီး ရဲထဲအပ်ခဲ့တဲ့ သူခိုး ၂ ဦး ပြန်လွတ်လာပြီး ထပ်ခိုးလို့ ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
မတ်လ ၁၉ ရက်မှာ လားရှိုးမြို့ ရပ်ကွက် ၁၁ နေခြည်ကျောင်းအနီးက နေအိမ်ထဲ မီးစက်နဲ့ မီးကြိုး ဖြုတ်ဖို့လုပ်နေတဲ့ သူခိုး ၂ ဦးကို ရပ်ကွက်နေ လူထုတွေက လိုက်ဖမ်းခဲ့ပြီး ရဲလက်ထဲအပ်ခဲ့တဲ့ သူခိုး ၂ ဦးကို မတ်လ ၂၅ ရက်မှာ ရပ်ကွက် ၇ အတွင်း ပြန်လည်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ရပ်ကွက် ၁၁ နေ အမျိုးသမီးက “အဲနှစ်ယောက်က ဟိုနေ့ကမှ ဖမ်းမိထားတဲ့လူတွေဘဲ ကောင်းကောင်းမှတ်မိတယ်။ သက်ဆိုင်ရာက ပြန်လွတ်ပေးလို့နေမှာပါ” လို့ ပြောပါတယ်။
၎င်းဖမ်းမိခဲ့တဲ့သူ ၂ ဦးနဲ့အတူ ဘထ္ထရီအိုး ၂ လုံး၊မီးစက်၊ ရွှေဆွဲကြိုး၊ ငွေကျပ် တစ်သိန်း စတာတွေကိုလည်း သက်ဆိုင်ရာက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
လားရှိုးမှာ စစ်ကောင်စီတပ် ပြန်လည်အုပ်ချုပ်ပြီး ခိုးမှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ပေါများနေပေမဲ့ သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်တာ မရှိခဲ့တဲ့အပြင် ပြန်လွတ်ပေးတာတွေလည်းရှိနေကြောင်း ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း လားရှိုးမြို့ ရပ်ကွက် ၁၂ မှာ သူခိုး ၂ ဦးကို ဒေသခံတွေက ကိုယ်ထူကိုယ်ထ ဖမ်းမိခဲ့ဖူးပါတယ်။
ဒါ့အပြင် လက်ရှိအချိန်အထိ လားရှိုးမြို့မှာ ခိုးမှု၊ ပြန်ပေးစွဲမှု၊ လုယက်မှု၊ ဓါးပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေသလို လောင်းစကားရုံတွေ ပေါများလာပြီး မူးယစ်ဆေးဝါးလည်း အလွယ်တကူရနေတာကို တွေ့နေရပါတယ်
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။