မိုင်းအရှိုင်း၊ မတ်လ ၇ ရက်၊ နမ္မတူ
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ စက်သုံးဆီ တစ်လီတာကို ၆ ထောင်ကနေ ၁ သောင်းခွဲအထိ ကြိုက်ရောင်းကြိုက်ဝယ်အဖြစ် ရောင်းချနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဒီနေ့ မတ်လ ၇ ရက်မှာတော့ နမ္မတူမြို့ ရပ်ကွက် ၈ ထဲရှိ “ကျော်”ဆီဆိုင်မှာ တစ်လီတာကို ၆ ထောင်ဆိုပြီး အကန့်အသတ်နဲ့ ရောင်းချနေပြီးတော့ “Kyaw San Aung”နဲ့ နမ္မတူမြို့ပြင်ရှိ “ဒေါ်လာ”ဆီဆိုင်မှာတော့ လိုသလောက် တစ်လီတာကို ၉ ထောင်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
“သူတို့က မကုန်မချင်း ရောင်းမယ်ထင်တယ်။ မနေ့ကမှ တစ်လီတာကို ငါးထောင်နဲ့ဝယ်တာ။ ဒီနေ့မှ ဈေး ခုန်တက်လာတာ”
မနေ့ မတ်လ ၆ ရက် ညနေပိုင်းမှာတော့ ဆိုင်တချို့မှာ ၁ လီတာ ၁ သောင်းခွဲနဲ့ လိုသလောက် ရောင်းပေးနေတာလည်း ရှိတယ်လို့ ဝယ်ယူခဲ့သူတွေက ပြောပါတယ်။
“ကျော်”ဆီဆိုင်က မနက်ခင်းပိုင်းသာ ရောင်းချနေပြီး ဆိုင်ကယ်တစ်စီးကို ၁ သောင်းဖိုးသာ ရောင်းချနေတာကို တွေ့ရပါတယ်။
စက်သုံးဆီတွေကို ပါဆယ် ရောင်းချတာ၊ အဆမတန် ဈေးတင်ရောင်းချတာနဲ့ ပတ်သက်ပြီး စီးပွားရေး ကျဆင်းမှု၊ ကုန်ဈေးနှုန်း မြင့်မားမှုအန္တရာယ် ကြုံတွေ့လာနိုင်တယ်လို့ စီးပွားရေးသမားတချို့က သုံးသပ်နေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။