မိုင်းရူပ၊ ဇူလိုင် ၁၉ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကုဋေမော်လုပ်ကွက်ဟောင်း မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူ ၃ ဦးကို ရှာမတွေ့သေးကြောင်း လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ကုဋေမော် ကျောက်လုပ်ကွက်ဟောင်းမှာ မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူ အမျိုးသား ၃ ဦးကို ဒီနေ့ ဇူလိုင် ၁၉ ရက်အထိ ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့အဖွဲ့တွေ ရှာနေတာ ၂ ရက်ရှိပြီ။ သေဆုံးသူ ၃ ယောက်ရဲ့ အလောင်းတွေကို အခုထိ ရှာလို့မရသေးဘူး။ မိုးကလည်း ဆက်တိုက်ရွာနေတယ်” လို့ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒါ့အပြင် ဖားကန့်မြို့ထဲမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေသလို နေအိမ်တွေအပေါ် မြေပြိုတာတွေလည်း ရှိနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသမှာ ကျောက်လုပ်ကွက်တွေအတွင်း မြေပြိုမှုတွေ မကြာခဏဖြစ်ပွားနေပြီး သေဆုံးသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်မှာလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှာ မြေစာပုံပြိုကျတာကြောင့် ကျောက်စိမ်းတူးဖော်နေတဲ့ အမျိုးသား ၇ ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။