အလင်း၊ ဇူလိုင် ၁၃ ရက်၊ ဖလမ်း
စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ရိုက်နှက်ခံရမှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီအမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က ၎င်းတို့စစ်ဘေးရှောင်တဲ့ ဟရိန်နန်းရွာကို ပစ္စည်းသွားယူရင်း စစ်ကောင်စီရဲ့ ၁၆ မိုင်ဂိတ်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
“စစ်ဘေးရှောင်ရာကနေ ပြန်လာပြီး အရင်သူတို့ စစ်ဘေးရှောင်တဲ့ ရွာကို ပစ္စည်းသွားယူကြတာပါ။ ပစ္စည်းသွားယူရင်း စစ်ဆေးရေးဂိတ်မှာ စစ်တပ်တွေက ဖမ်းဆီးရိုက်နှက်ခံရတာပါ”လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီရိုက်နှက်မှုကြောင့် အသက် ၃၇ နှစ်အရွယ် ကိုကျော်ထွန်းအောင်မှာ နေရာလေးတင် သေဆုံးပြီး ကျန်တစ်ဦးမှာလည်း ဖလမ်းမြို့ရှိ ယာယီဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ အရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
“ဂိတ်မှာပဲ ရိုက်နှက်ခံရပြီး သေဆုံးသွားတယ်။ အလောင်းရတဲ့အချိန်မှာလည်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ခန္ဓာတကိုယ်လုံး ညိုမည်းပြီး ရုပ်ပျက်ဆင်ပျက်ဖြစ်သွားတယ်။”လို့ အထက်ပါ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီအမျိုးသားနှစ်ဦးဟာ ဖလမ်းမြို့နယ်၊ ဆွမ်ဟရန်ကျေးရွာကဖြစ်ပြီး သေဆုံးသူ ကိုကျော်ထွန်းအောင်မှာ ဇနီးနဲ့ ကလေးနှစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။