ရွှေဖီမြေ၊ ဇူလိုင် ၁၃ ရက်
ရှမ်းမြောက်မှာ လူအသုံးများကြတဲ့ လူမှုကွန်ယက်ဖြစ်တဲ့ Facebook၊Viber၊Telegram အကောင့်တွေ မကြာခဏဖောက်ထွင်းခံနေရပြီး အဲကနေတစ်ဆင့် ငွေလိုက်လံ ချေးယူတာတွေ ဆက်တိုက်ကြုံနေရတယ်လို့ ကြုံတွေ့ခဲ့ကြတဲ့ ကာယကံရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်တုန်းက ရှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်းမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက သူရဲ့ Facebook အကောင့် ဖောက်ထွင်းခံခဲ့ရပြီး အကောင့်ပိုင်ရှင်ထံ ပိုက်ဆံတောင်းရမ်းမှုတွေ ပြုလုပ်တာ ကြုံခဲ့ရပါတယ်။
ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက “အရင်ကအကောင့် သူဘယ်လိုဝင်တာလဲတော့မသိဘူး။ ဟက်သွားတဲ့သူက သူ့အကောင့်လော့ကျသွားလို့ ပြန်ဝင်တိုင်း ကျမအကောင့်ပဲ ပေါ်နေတာတဲ့။ အဲအကောင့်မသုံးစေချင်ရင် ပိုက်ဆံ ၁ သိန်းပေးပြီး သူမသုံးတော့ဘူး။ အပြီးတိုင်ဖျက်ပေးမယ်တဲ့” လို့ ဆိုပါတယ်။
အဲမသမာသူက Facebook အကောင့်ပိုင်ရှင်ရဲ့ ဓာတ်ပုံကိုအသုံးပြုပြီး နောက်ထပ် Facebook အကောင့်အသစ်တစ်ခု ထပ်မံဖွင့်လှစ်ခဲ့ပြီး ပိုက်ဆံလိုက်လံတောင်းရမ်းတာ၊ လိုက်လံလိမ်လည်တာမျိုးပြုလုပ်ခဲ့တယ်လို့ ကာယကံရှင်က ဆက်ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်တုန်းကလည်း တအာင်းတပ် – PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးရဲ့ Facebook အကောင့်နဲ့ Viber အကောင့် ဖောက်ထွင်းခံခဲ့ရပြီး လွေးယေဦးရဲ့ငွေ သိန်း ၃၀ ကျပ် လိမ်လည်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“မသမာသူက ကျမတို့သုံးနေကျ nickname ဥပမာ ကျမတို့အချင်းအချင်း ‘ယာ’လို့ခေါ်တယ်ဆိုရင် သူက ကျမတို့မှန်းထင်အောင် ‘ယာ’ နေကောင်းလားစတာတွေပေါ့။ ဟိုနေ့ဆို scammer က ကျမရဲ့ အသံနဲ့ ရုပ်ပုံကိုပါသုံးလာနိုင်တဲ့အထိ နည်းပညာအဆင့်မြင့်ပါတယ်။ ကျမသူငယ်ချင်းဆို သိန်း ၃၀ ချေးလိုက်တာ။ နောက်ပိုင်း ငွေလွှဲပေးတဲ့အသိလည်း သူ့ပုံစံပြန်ဟန်ဆောင်တာခံရပြီး ငွေဆက်လိမ်တာမျိုးတွေ ကြုံရပါတယ်”

အဲမသမာသူတွေဟာ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ Messenger, Viber နဲ့ Telegram အထိဖောက်ထွင်းဝင်ရောက်လာနိုင်သလို မိမိရဲ့အသံနဲ့ ရုပ်ပုံကိုပါ အသုံးပြုနိုင်ပြီး အန္တရာယ်ကြီးမားတာကြောင့် အဖွဲ့အစည်းအနေနဲ့ ကြိုတင်ကာကွယ်မှုတွေလိုအပ်သလို မိမိအသိမိတ်ဆွေတစ်ယောက်က မိမိထံ ပိုက်ဆံချေးရင် သတိထားဖို့ လွေးယေဦးက အကြံပြုထားပါတယ်။
အဲလိုအကောင့် အဖောက်ခံရတဲ့ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ၂၀၂၅ခုနှစ်မှာ ဆက်တိုက်ဖြစ်ပွါးခဲ့ဖူးပြီး ခု ၂၀၂၆ခုနှစ် လလယ်အရောက်မှာ ထပ်မံဖြစ်ပွါးလာနေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။