ရွှေဖီမြေ၊ ဇွန်လ ၁၀ ရက်
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် တရုတ်ပြည် ခေတ္တရောက်နေတဲ့ ရခိုင်ပြည်သူတွေနဲ့ အရက္ခတပ်တော် – AA တို့က ကျပ်သိန်း ၁၀၀ စီ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်မှာ တရုတ်ပြည်ရောက်နေတဲ့ ရခိုင်ပြည်သူတွေ စုပေါင်းပြီး တအာင်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက် – TCSN ကနေတစ်ဆင့် ကျပ်သိန်း (၁၀၀) လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
TNLA ရဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် – AA ရဲ့ မီးနဂါးစစ်ဒေသတပ်ဖွဲ့ကလည်း ဒီနေ့ ဇွန်လ ၁၀ ရက်မှာ ကောင်းတပ်ကျေးရွာ ပြည်လည်ထူထောင်ရေးကော်မတီထံ ကျပ်သိန်း (၁၀၀) လှူဒါန်းခဲ့ပါတယ်။
ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်က တအာင်းတပ် TNLA စီးပွားရေးဌာနရဲ့ ယမ်းဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပွားရာ ရွာခံ ၄၁ ဦး သေဆုံးခဲ့ပါတယ်။
ဒေသခံ ၁၅၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး နေအိမ်နဲ့ အဆောက်အဦး ၆၈၀ ပျက်စီးသွားတာကြောင့် ဆေးဝါးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေဆဲ ဖြစ်ပါတယ်။
သူတို့တွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်တပ် – KIO/KIA က ကျပ်သိန်း (၅၅၀)၊ “ဝ”တပ်မတော်- UWSA က ကျပ်သိန်း (၁ဝဝ) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဆန်အိတ် (၂ဝ) နဲ့ ကျပ်သိန်း (၁ဝဝ)၊ ပြည်တွင်းပြည်ပရှိ ဒေသအသီးသီးက တအာင်း၊ ကချင်၊ ရှမ်း၊ တရုတ်၊ ခိုလုံလီရှော၊ ဗမာ စတဲ့လူထုတွေကလည်း ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။