ရွှေဖီမြေ၊ မေလ ၁၁ ရက်၊ သိန္နီ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့မှာ ဖမ်းမိထားတဲ့ သူခိုးနဲ့ မူးယစ်ဆေးဝါး ရောင်းသူ ၅ ဦးကို မြို့ထဲ လှည့်ပတ်ပြသခဲ့ကြောင်း မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
မေလ ၉ ရက် မနက်မှာ သိန္နီမြို့မဈေးနဲ့မြို့တွင်းထဲ ဆိုင်ကယ်နဲ့ မီးကြိုးခိုးသူအပါအဝင် မူးယစ်ဆေးရောင်းသူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၄ ဦးကို လည်ပင်းမှာ စာ ချိတ်ဆွဲပြီး သူခိုးဖြစ်ကြောင်း၊ မူးယစ်ဆေး ရောင်းကြောင်း အော်ပြောခိုင်းခဲ့ပါတယ်။
မြို့ခံအမျိုးသမီးက “တချို့က သူတို့ကို သနားကြတယ်။ တချို့က လှောင်ပြောင်ကြတယ်။ သူတို့ကလည်း မျက်နှာငယ်လေးနဲ့ သွားနေတာ တွေ့တယ်” လို့ ပြောပါတယ်။
သိန္နီမြို့မှာ MNDAA က ပြစ်မှု ကျူးလွန်သူတွေကို အခုလို လှည့်ပတ်ပြသတာဟာ လူထုတွေကို ခြိမ်းခြောက်တာဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။
သိန္နီမြို့ထဲ MNDAA ဝင်လာပြီးတဲ့နောက် တရုတ်လုပ်ငန်းရှင်နဲ့ တရုတ်အလုပ်သမားတွေသာ များလာပြီး ဒေသခံတွေက အလုပ်အကိုင် ရှားပါးလာတာကြောင့် အခုလို ခိုးမှု ပိုဆိုးလာကြောင်း နောက်ထပ်ဒေသခံ အမျိုးသားက ပြောဆိုပါတယ်။
”လူတွေက အလုပ်မရှိကြဘူးလေ။ သူတို့အလုပ်သမားလည်း မခေါ်ကြဘူး။ မြေယာတွေလည်း သိမ်းတာတွေလုပ်တော့ လူတွေက ကြံမိကြံရာ လုပ်ကြတာနေမှာပါ”
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကလည်း လားရှိုးမြို့နယ်ထဲ ရာဇဝတ်မှု ကျူးလွန်သူ ဒေသခံ ၆ ဦးကို အများပြည်သူရှေ့မှာ MNDAA က အမှုကို စီရင်ချက်ချပြီး ပြစ်ဒဏ် ပေးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ကလည်း မုံးကိုးမှာ MNDAA က အများပြည်သူရှေ့မှာ ရာဇဝတ်မှု ကျူးလွန်သူ ၃ ဦးကို သေဒဏ် ပေးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။