ရွှေဖီမြေ၊ ဇွန်လ ၁၆ ရက်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့နယ်မှာ သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသား ၂ ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ TNLA က ဒီနေ့ ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်က နမ့်ဆန်မြို့မှာ အသက် ၇ နှစ်အရွယ်ရှိတဲ့ ကလေးငယ်ရဲ့ မိဘဖြစ်သူအလုပ်သွားချိန် အသက် ၃၇ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက ၎င်းကိုအတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
သက်ငယ်အဓမ္မပြုကျင့်ခံရတဲ့ ကလေးဟာ ကျန်းမာရေးအခြေနေ မူမမှန်တော့တာကြောင့် မိသားစုဝင်တွေက ၎င်းကို ဆေးရုံ ပို့ဆောင်စစ်ဆေးရာမှာ အဓမ္မပြုကျင့်ခံထားရကြောင့် စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၂၃ ရက်မှာလည်း နမ့်ခမ်းမြို့မှာ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီဖြစ်စဉ်ကို မိသားစုဝင်က တိုင်ကြားပြီးနောက် မြို့နယ်တအာင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသား ၂ ဦးကို သွားရောက်ဖမ်းဆီးထိန်းသိမ်းထားကာ တရားဥပဒေနဲ့အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်ကလည်း နမ့်ဆန်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ ကလေးသူငယ်တစ်ဦးအပေါ် သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားတစ်ဦးကိုလည်း မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ကလေးသူငယ်တွေအပေါ် အကြမ်းဖက်တာတွေ တားဆီးနိုင်ဖို့ လူထုတွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတာကြောင့် သံသယဖြစ်ဖွယ် အခြေအနေ တွေ့ရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ချက်ချင်းအသိပေး တိုင်ကြားကြဖို့လည်း TNLA က တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။