ရွှေဖီမြေ၊ ဩဂုတ် ၃၁ ရက်၊ နမ့်ဆန်
တအာင်းဒေသ နမ့်ဆန်မြို့နယ် ကျေးရွာတစ်ရွာက အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ဦးထွန်းလိုကို တအာင်းတပ် – PSLF/TNLA ရဲ့ တရားစီရင်ရေးဌာနက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ် မေလ ၉ ရက်မှာတော့ တအာင်းရဲတပ်ဖွဲ့ထံ မိသားစုဝင်တိုင်ကြားရာ ကျူးလွန်သူကို မေလ ၁၈ ရက်နေ့မှ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမှုကို တရားစီရင်ရေးဌာနက ၂၀၂၆ ဇွန်လ ၂၉ ရက်ကနေ ဩဂုတ် ၂၉ ရက်အထိ ၂ လကြာ ရုံးချိန်း ခြောက်ကြိမ်တိုင်တိုင် အမှုစီရင် စစ်ဆေးဆုံးဖြတ်ပြီးနောက် အဲအမျိုးသားကို ပြစ်မှုထင်ရှားကြောင်း အတည်ပြုနိုင်ခဲ့ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၆)၊ (၁) အရ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ ပြောပါတယ်။
တအာင်းတပ် – PSLF/TNLA ရဲ့ ဥပဒေပြဌာန်းချက်အရ မုဒိမ်းနဲ့ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်ကနေ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျနိုင်သလို ငွေဒဏ်လည်းချမှတ်ခံရနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း နမ့်ဆန်မြို့နယ်က ကျေးရွာတစ်ခုမှာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတစ်ဦးကို TNLA တရားစီရင်ရေးဌာနက ရာဇသတ်ကြီး ပုဒ်မ (၃၇၆) အရ ငွေဒဏ်၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပေမဲ့ တရားခံဟာ ဇူလိုင် ၂၀ ရက်မှာ မန်တုံထောင်ကနေ ထွက်ပြေးလွှတ်မြောက်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။