မြတ်နိုး၊ ဇူလိုင် ၁၆၊ ခေါင်လန်ဖူး
ကချင်ပြည်နယ် မြောက်ဖျားပိုင်းရှိ ခေါင်လန်ဖူးမြို့နယ် မီကူဆာရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ညပိုင်းက စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ရဲ့ အသေခံဒရုန်း ကျရောက်ပေါက်ကွဲလို့ ကလေးငယ်အပါအဝင် မိသားစုလိုက် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“စစ်ကောင်စီ နဲ့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ပြည်သူ့စစ်တပ်ဖွဲ့တွေက ရည်ရွယ်ချက်ရှိရှိ ရွာထဲကို အသေခံဒရုန်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် အပါအဝင် မိသားစုဝင်တွေ ထိခိုက်သေဆုံးသွားခဲ့တာပါ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
လက်ရှိ ကချင်တပ်-KIA, KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားနေတာဟာ နယ်ခြားမှတ်တိုင် အမှတ် ၃၀ ဘက်ဖြစ်ပြီး အသေခံဒရုံးကြဲချခဲ့တဲ့ မီကူဆာရွာဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ ၁၄ မိုင်ကျော် ကွာဝေးတဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။
“ခေါင်လန်ဖူးဒေသဘက် လီဆူတွေက KIA တပ်ဖွဲ့တွေကို ခေါ်လာတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ့စစ်တွေက လီဆူလူမျိုးတွေကို ဖိနှိပ်နေတာ။ ဒီလို ဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာဟာ လီဆူလူမျိုးနဲ့ ရဝမ်လူမျိုးကြား မလိုလားအပ်တဲ့ တင်းမာမှုကို ဖော်ဆောင်တဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ်ပဲ” လို့ နောက်ထပ် ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက စစ်မနိုင်ရင် ရွာမီးရှို့၊ ပြည်သူတွေကို သတ်ဖြတ်တဲ့ လုပ်ကွက်တွေ လုပ်နေကျဖြစ်ပြီး လူမျိုးရေး မုန်းတီးရေးတွေလုပ်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဉ်ကို သတိထားသင့်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ခေါင်လန်ဖူးမြို့နယ်အတွင်း တရုတ် – မြန်မာနယ်စပ်ရှိ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်း တပ်ဖွဲ့ရဲ့ ရှေ့တန်း စခန်း ၃ ခုကို KIA, PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ KIA, PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ ထိုးစစ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ခေါင်လန်ဖူးမြို့ဘက် ဦးတည်ဆုတ်ခွါသွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။