ရွှေဖီမြေ၊ ဇူလိုင် ၈ ရက်
“ဝ” တပ်မတော် – UWSA လက်အောက်ခံ တရားရေးကော်မတီက “ဝ” ဒေသတွင်းထဲမှာ အွန်လိုင်းငွေလိမ်လည်မှုလုပ်ကိုင်နေတဲ့ တရုတ်ကျားဖျန့် ၁၉၂ ဦးကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ကို ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ WSP က မနေ့ ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကျားဖျန့် ၁၉၂ ဦးထဲက ၁၃၂ ဦးကို “ဝ” ပြည် တရားရေးကော်မတီ – WSP ကသီးခြားဖမ်းဆီးခဲ့တာဖြစ်ပြီး အဲထဲက ၆၀ ဦးကိုတော့ တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းဆီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အဲဒီကျားဖျန့်တွေဟာ နိုင်ငံခြား သို့မဟုတ် “ဝ” ပြည်ရဲ့ ပြင်ပဒေသတွေမှာ နှိမ်နှင်းခံရတာကြောင့် “ဝ”ပြည်ထဲ ဝင်ရောက်ခိုအောင်းကာ ရင်းနှီးမြှပ်နှံမှုအတုနဲ့ လိမ်လည်တာ၊ အွန်းလိုင်းဗွီဒီယို အဝတ်အစားချွတ်ပြခိုင်းပြီး ခြိမ်းခြောက်ငွေညှစ်တာနဲ့ အွန်လိုင်းအလုပ်တုနဲ့ လိမ်လည်တာတွေ ဆက်လက်လုပ်ကိုင်လာတယ်လို့ ဆိုပါတယ်။
အဲဒီကျားဖျန့်တွေကို သူတို့ရဲ့မူလနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဆီ မနေ့ဇူလိုင် ၇ ရက်မှာ “ဝ” ပြည် ပန်ခမ်းမြို့ရှိ မုန်းအားနယ်စပ်ဂိတ်ကနေတဆင့် တရုတ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
“ဝ”ဟာ စစ်ကောင်စီနဲ့ မိုင်းလားတပ် – NDAA တို့ ကျားဖျန့်ဖမ်းဆီးရာမှာလည်း ပါဝင်တာကို တွေ့ရပြီး ပြီးခဲ့တဲ့ မတ်လကနေစပြီး ဇူလိုင်လ ၇ ရက်အထိ “ဝ” ဖက်တရားဝင်ပြန်ပို့တဲ့ တရုတ်ကျားဖျန့်ဦးရေ ၄၃၁ ဦးအထိ ရှိပြီဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။