ရွှေဖီမြေ၊ ဇူလိုင် ၂၂ ရက်
တရုတ်နိုင်ငံမှာ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတွေက ဖမ်းဆီးပြီး တရုတ်-မြန်မာနယ်စပ် အခြေစိုက် မိုင်းလားတပ် (NDAA) ထံ လွှဲပြောင်းပေးနေတယ်လို့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ မိုင်းလားမြို့နယ်စပ်မှာရှိတဲ့ တရုတ်ဘက်ခြမ်း ကျင်းဟုန်မြို့မှာ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးနေတာဖြစ်ပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူတွေကို NDAA က စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ ကျင်းဟုန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက “ပြီးခဲ့တဲ့ ၁၈ ရက်နေ့က စဖမ်းတာ။ ဖမ်းခံရတာ ရာချီရှိနေပြီ။ တအာင်း၊ ပလောင်လူမျိုးဆိုရင် သူတို့အဖွဲ့ကို လွှဲပေးတယ်။ ဗမာဆိုရင် စစ်ကောင်စီကို လွှဲပေးတာ။ တစ်ခါတည်း စစ်မှုထမ်းရတယ်။ မိန်းကလေးတွေတော့ ပြန်လွှတ်ပေးတယ်။ စစ်မှုထမ်းဖို့ ပို့ခံရထဲအထဲမှာ ကျနော်သူငယ်ချင်းတွေလည်းပါတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
တရုတ်နိုင်ငံက လွှဲပြောင်းပေးတဲ့သူတွေကို မိုင်းလားတပ်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။
လက်ရှိ တရုတ်ဘက်ခြမ်းမှာ အဖမ်းအဆီးတွေ များနေတာကြောင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ သတိထားပြီး နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် သွားပြီးနောက်ပိုင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်နိုင်ငံဘက်က ဖမ်းဆီးမှုတွေ ခပ်စိတ်စိတ် ပြုလုပ်လာတယ်လို့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတွေက ပြောဆိုကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။