ရွှေဖီမြေ၊ သြဂုတ် ၁၉ ရက်
မိုင်းလားတပ် – NDAA ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ အလုပ်လာလုပ်တဲ့ မြန်မာနိုင်ငံသား အားလုံးနီးပါး ပြန်ပို့ခံရတယ်လို့ ပြန်ပို့ခံရသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ကစပြီး ကျင်ဟုန်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတွေက ဆက်တိုက်ဖမ်းဆီးခဲ့ပြီး လက်ရှိ ကျင်ဟုန်မြို့ထဲမှာ မြန်မာနိုင်ငံသား နှစ်ရာဝန်းကျင်လောက်သာ ရှိတော့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့လည်း ပြန်လာရပြီ။ ကျင်ဟုန်မှာ ကျန်တာက အနည်းစုလောက်ပဲ။ အခု တစ်ရက်ကို ၅၀ လောက် ပြန်ပို့တယ်။ ကျနော်အထင် ဒီလကုန်ရင် မရှိတော့ဘူး” လို့ ဒီရက်ပိုင်းအတွင်း ကျင်ဟုန်ကနေ ပြန်လာတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကျင်ဟုန်ကနေ မြန်မာဘက်ကို ပြန်တဲ့သူတွေထဲမှာ တရုတ်ရဲတွေက ဖမ်းဆီးပြီး ပြန်ပို့တဲ့သူတွေရှိသလို ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်ပြေးလာတဲ့သူတွေလည်းရှိတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။
အလုပ်သမားတွေကို ကူညီပေးနေသူတွေရဲ့ စာရင်းအရ ကျင်ဟုန်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇,၀၀၀ ကျော်ရှိပြီး ရန်ဖြစ်တာ၊ လူသတ်မှုဖြစ်တာ၊ မူးပြီး ရမ်းကားတာတွေ များလာတာကြောင့် တရုတ်နိုင်ငံဘက်က တင်းကြပ်မှုတွေ ပြုလုပ်လာပြီး ဖမ်းဆီးတာတွေ ပြုလုပ်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံထဲ ပြန်ပို့ခံရသူတွေထဲက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူတွေကို စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေရှိနေတယ်လို့ ကျင်ဟုန်ကနေ ပြန်လာတဲ့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။
“တချို့က မြေပြန့်ရောက်ရင် ဂိတ်မှာ စကစဘက်က စစ်မှုထမ်းဖို့ ဖမ်းထားတာရှိတယ်။ တချို့ကျတော့ ကျိုင်းတုံမှာကတည်းက ဖမ်းခံရတာရှိတယ်” လို့ ၎င်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းတာတွေကြောင့် လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေမှာ အန္တရာယ်ကြား သွားရောက်အလုပ်လုပ်ကိုင်နေကြရတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။