ရွှေဖီမြေ၊ ဇူလိုင် ၂၈ ရက်၊ ဆော
မကွေးတိုင်း ဆောမြို့နယ်ထဲ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၉ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က ဆောမြို့နယ် ဆောတိုက်နယ်ရှိ စစ်ကောင်စီရဲ့ တပ်မ(၉၉) လက်အောက်ခံ အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ ဆောမြို့နယ်ကနေ ထွက်လာချိန် တော်လှန်ရေးတပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လောင်းရှည်ဘက် ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ဆုတ်ခွာသွားတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေဘက်က လိုက်လံ တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်ကား ၃ စီးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင် ၂၅ ရက်ကလည်း အင်အား ၁၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဆောမြို့နယ်ထဲ ထပ်မံ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို ဖမ်းဆီးရမိပြီး MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၃ လက်၊ ရှော့ဂန်းသေနတ် ၂ လက်၊ RPG ပြောင်း ၂ လက်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုလက်အောက်ရှိ ခရိုင်စစ်ဌာနနဲ့ တပ်ရင်း တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်တပ်ဘက်ကတော့ ဆောမြို့နယ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။