လွေးလာဝ်ဇာရ်၊ ဇူလိုင် ၂၂ ရက်၊ လားရှိုး
ပြီးခဲ့တဲ့ ဇူလိုင် ပထမအပတ်ကတည်းက ကိုးကန့်စစ်သားတွေဟာ ကျေးရွာထဲဝင်ရောက်လာပြီးမှ ဒေသခံတွေကို အစည်းအဝေးခေါ်ပြီး ပြောဆိုသတိပေးထားတာလို့ ဆိုပါတယ်။
“ကိုးကန့်စစ်သားတွေက ရွာထဲဝင်လာပြီးမှ အစည်းအဝေးခေါ်တာ။ စစ်သားထဲသွားရမယ်ဆိုပြီး လာပြောတယ်။ ကြီးတဲ့ ရွာဆိုရင် ၇ ယောက်၊ ၈ ယောက်လောက်တောင် တောင်းတယ်။ နည်းတဲ့ရွာဆို ၂ ယောက်လောက်ဘဲ တောင်းတာ။ အများစုက တစ်ရွာကို ၅ ယောက်သွားမယ်ဆိုပြီးပြောသွားတာ။ သူတို့လည်း ခွဲထားပြီးသား။ ရွာကြီးရင် ကြီးသလို သေးရင်သေးသလို တောင်းတယ်” လို့ ပြောပါတယ်။
စစ်မှုးထမ်းသွားရမယ့် လူတွေကို လာမယ့် ဇူလိုင် ၂၅ ရက် နောက်ဆုံးထားပြီးမှ လာရောက်ခေါ်ဆောင် သွားမယ်လို့ အထက်ပါ၎င်းက ဆက်ပြောပါတယ်။
“လာမယ့် ၂၅ ရက်နေ ၂၈ ရက်အထိ နောက်ဆုံးထားမယ်တဲ့ တအာင်းရွာ၊ ရှမ်းရွာ၊ တရုတ်ရွာ စတဲ့ ကျေးရွာတော်တော်များများပါဘဲ။ တကယ်လို့ မသွားရင် ကျေးရွာဥက္ကဌတွေအနေနဲ့ ပြည်သူ့စစ်ခေါင်းဆောင် လုပ်ရမယ်ဆိုပြီး ပြောသွားတယ်။ တကယ်လုပ်ခိုင်းမလား ဘာလားတော့ မသိသေးဘူး။ သူတို့ပြောထားတဲ့ရက်လည်း မရောက်သေးဘူးဆိုတော့”
စစ်မှုထမ်းဖို့ ခေါ်ခံရတဲ့ ကျေးရွာတွေဟာ ရှန်ခိုက်၊ ခိုက်တွေ၊ ပန်ခမ်း၊ နမ့်ဖတ်အွန်၊ ခိုလိတ်၊ နောင်ဖော့၊ မန်ပွဲ့ကြီး၊ နမ့်မော်ဆွန်၊ မန်ကောင်းလုံ၊ နမ့်ဆွမ်းစတဲ့ကျေးရွာတွေအပါအဝင် တခြားကျေးရွာတွေမှာလည်း ပါဝင်တယ်လို့ သိရပါတယ်။
အလားတူ ကွတ်ခိုင်မြို့နယ်ထဲက တအာင်းကျေးရွာက TNLA တပ်သားတွေကို MNDAA တပ်က ၎င်းတို့တပ်ထဲ စစ်မှုထမ်းဖို့ အတင်းအကြပ် ခေါ်နေသလို TNLA တပ်သားတချို့ကိုပါ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတာတွေလည်း ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။