မိရိုး၊ ဩဂုတ် ၁၇ ရက်၊ ရွာငံ
ရှမ်းတောင် ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စုအပါအဝင် ရွာငံတောင်ပိုင်းရွာတွေဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF နဲ့ တိုက်ပွဲ ဖြစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က အမြန်ရှောင်ခိုင်းနေတာကြောင့် ဒေသခံတွေ အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဩဂုတ် ၁၆ ရက် ညနေပိုင်းကစပြီး စစ်တပ်က မြိုင်နဲ့ ဆင်ခေါင်းကျေးရွာအုပ်စုအပြင် ကျုံးအုပ်စုနဲ့နီးစပ်တဲ့ ကျေးရွာက ဒေသခံတွေကို တိမ်းရှောင်ဖို့ အမိန့်ပေး ခိုင်းစေခဲ့တာပဲ ဖြစ်ပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက “ရှောင်ခိုင်းတာ ဟုတ်တယ်ဗျ။ ရွာငံတောင်ပိုင်း မြိုင်အုပ်စုအပါအဝင် ကျုံးဘက်နီးတဲ့ ရွာတွေလည်း ပါတယ်ကြားတယ်။ ရွာကလူတွေတော့ စရှောင်နေကြပြီ” လို့ ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်တပ်ဟာ မြိုင်ရွာအနီးတဝိုက်မှာ စစ်ရေး လှုပ်ရှားမှု ပိုလုပ်လာတဲ့အပြင် လူအင်အားလည်း ထပ်ဖြည့်တင်းနေပြီး ဒေသခံတွေကို ဖယ်ခိုင်းနေတဲ့ မြိုင်စံပြရွာဟာ ရွာငံ-ပင်းတယ ဖြတ်လမ်းနဲ့ မန္တလေး-ရွာငံ-တောင်ကြီး ကားလမ်းမကြီးရှိတဲ့ လမ်းဆုံလမ်းခွနီးတဲ့ရွာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (၁၀၀၃)တပ်ရင်းက ဩဂုတ် ၁၆ ရက် နေ့စွဲနဲ့ အသိပေးထုတ်ပြန်ချက်တစ်စောင် ထုတ်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာတော့ ရွာငံမြို့နယ် အလယ်ချောင်နဲ့ ဘုရားကြီးကုန်းရွာကြားမှာ မလွှဲသာလို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်တပ်က ရွာငံမြို့နယ်ထဲက ရွာတွေထဲ အင်အားတွေ ဖြန့်ကျက်ချထားတာကြောင့် လူထုတွေအတွက် စိုးရိမ်ပူပန်စရာ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ အလယ်ချောင်၊ မြေနီကုန်းနဲ့ လူးရွာက ဒေသခံတွေကို ရွာထဲကနေ ထွက်သွားခိုင်းနေပြီး အဲဒီလို ခြိမ်းခြောက်မောင်းထုတ်ပြီးရင် လူမရှိတဲ့ အိမ်တွေထဲက ပစ္စည်းတွေကို ခိုးယူတာ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ လုပ်လေ့ရှိတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။
ဒါကြောင့် လူထုတွေအနေနဲ့ တိမ်းရှောင်မယ်ဆိုရင် မှတ်ပုံတင်၊ အရေးကြီး စာရွက်စာတမ်းနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို အတတ်နိုင်ဆုံး တစ်ပါတည်း ယူသွားကြဖို့နဲ့ စစ်တပ်ရဲ့ မတရား ဖမ်းဆီးနှိပ်စက်တာတွေ မခံရအောင် အထူးသတိထား နေထိုင်ကြဖို့ ၁၀၀၃ တပ်ရင်းက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း အဲဒီမြိုင်ရွာအနီးမှာ စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း ၁၀၀၃ (ဓနု PDF)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။