ရွှေဖီမြေ၊ ဩဂုတ် ၄ ရက်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်တွေထဲမှာ သူခိုးဖမ်းမိရင် လူမှုကွန်ရက်ပေါ်မတင်ဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက စည်းရုံးထားပေမဲ့ အမျိုးသမီးတွေရဲ့ အတွင်းခံတွေကို လိုက်လံခိုးယူတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေ ဖမ်းမိတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ထပ်မံပျံ့နှံ့လာပါတယ်။
အဲရုပ်သံဖိုင်ထဲမှာ အမျိုးသမီးအုပ်စုတစ်ခုက စိတ်ကျန်းမာရေးချို့ယွင်းသူလို့ ယူဆရတဲ့ အမျိုးသားတစ်ယောက်ကို ၎င်းအိမ်ထဲထဲကနေ အပြင်ထွက်ခိုင်းပြီး ခိုးယူတဲ့အမျိုးသမီးဝတ် ဘရာစီယာတွေကို ထုတ်ခိုင်းတာကို တွေ့ရပါတယ်။
အဲဒီအမျိုးသားက ၎င်းဘောင်းဘီအိတ်ထဲကနေ အမျိုးသမီးအတွင်းဝတ်တစ်ထည်ကို ထုတ်ပေးပြီးနောက် အမျိုးသမီးတစ်ဦးက “နင်ခိုးထား အတွင်းခံတွေကို နင်ကိုယ်တိုင်ပြန်ဝတ်ထားစမ်း။ သူများပစ္စည်းတွေကို မတရားယူထားတာ အခုတော့ လမ်းပေါ်မှာ အရှက်ကွဲပြီမို့လား” လို့ ပြောဆိုထားပါတယ်။
အဲဒီရုပ်သံဖိုင်ဟာ သူခိုးတွေသောင်းကျန်းနေတဲ့ လားရှိုးမြို့ ရပ်ကွက် ၅မှာ မနေ့ ဩဂုတ် ၃ ရက်က ဖြစ်ပွားခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပြီး ရွေဖီမြေက ဖြစ်စဉ်အသေးစိတ်သိရှိဖို့ ဒေသခံတွေထံ ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
လားရှိုးမှာ သူခိုးတွေကို ဒေသခံတွေ မကြာခဏဖမ်းဆီးရမိနေပြီး အဲဒီဖမ်းမိတဲ့ သူခိုးတွေကို ဖမ်းမိရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားဖို့နဲ့ လူမှုကွန်ရက်တွေပေါ်မှာ မတင်ကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ပြောခဲ့ဖူးပါတယ်။
စစ်ကောင်စီနဲ့ဌာနဆိုင်ရာတွေဘက်ကတော့ ရေကန်တောင်ဘက်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဆီးပြီး ငွေတောင်းတာတွေ ပြုလုပ်နေပေမယ့် သူခိုးတွေကိုတော့ ဖမ်းဆီးနိုင်မှုကတော့ အားနည်းနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။