ပို့လဘား၊ မေလ ၂၉ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၂၈ ဦး ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
မနေ့ မေလ ၂၈ ရက် နေ့လယ် ၃ နာရီခွဲမှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ ကျားဖြန်ရုံတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၅ ဦး အပါအဝင် မြန်မာနိုင်ငံသား ၂၈ ဦးကို ဖမ်းဆီးရမိတဲ့အပြင် ၎င်းတို့အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
“အခုလောလောဆယ်တော့ သူတို့ဖမ်းမိထားတဲ့ ကျားဖြန်တွေကို သူတို့က ဒီအတိုင်းပဲ ဖမ်းထားတယ်။ ဖမ်းမိထားတဲ့ ကျားဖြန်တွေ အကုန်လုံး စုပြီးတော့ တရုတ်နိုငံသားဆိုရင်လည်း အခုသူတို့မလွှဲပြောင်းပေးသေးဘူး။ များလာတဲ့အချိန်ကျမှ သူတို့က တရုတ်ဘက် လွှဲပြောင်းပေးတာရှိတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မူဆယ်မှာ လိုင်းကြေးပေးပြီး ဖွင့်လှစ်နေတဲ့ ကျားဖြန်ရုံ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အများစု ဆက်ရှိနေဆဲဖြစ်ပြီး အဲဒီအထဲမှာ ဒေသအာဏာပိုင်တွေ ရှယ်ယာနဲ့ ဖွင့်လှစ်တာတွေလည်း ရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၇ ရက်မှာလည်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ ကျားဖြန်ရုံတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၄ ဦး အပါအဝင် မြန်မာနိုင်ငံသား ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။