မိုင်းရူပ၊ ဇူလိုင် ၈ ရက်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေး၊ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီစျေးတွေ ဆက်တိုက်ကျနေပေမယ့် ရှမ်းမြောက်ကို စစ်ကောင်စီတပ်ဘက်က ဆီခွဲတမ်းမပေးတာကြောင့် ပြည်မကထက် စျေး ၂ ဆကျော် မြင့်တက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က စက်သုံးဆီခွဲတမ်းပေးတဲ့ မြို့နယ်တွေမှာ စက်သုံးဆီတစ်လီတာကို ၃,၅၀၀ ကျပ်ဝန်းကျင်သာရှိပြီး ရှမ်းမြောက်မှာတော့ စက်သုံးဆီတစ်လီတာကို မြို့နယ်အလိုက် မူတည်ပြီး ၈,၀၀၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိနေပါတယ်။
လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက “လားရှိုးမှာက တစ်လီတာကို ၆,၈၀၀ ပေးရတယ်။ တချို့ဆိုင်ဆို လိုသလောက် မပေးဘူး။ ကား ၉ သောင်း၊ ဆိုင်ကယ် ၂ သောင်းပဲ ရတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့မှာတော့ စက်သုံးဆီတစ်လီတာကို ၇,၂၀၀ ကျပ်အထိ စျေးဆက်ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရှမ်းမြောက်ကို နယ်မြေလုံခြုံရေးအကြောင်းပြပြီး စက်သုံးဆီခွဲတမ်းပေးဖို့ မရှိကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဒုဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြီးခဲ့တဲ့ ဇွန်လကုန်မှာ ပြောကြားခဲ့ပါတယ်။
ရှမ်းမြောက်ကို စစ်ကောင်စီတပ်ဘက်က ဆီခွဲတမ်းမပေးတာကြောင့် မှောင်ခိုပုံစံနဲ့ ဆီခွဲတမ်းရတဲ့ ဆိုင်တွေမှာ တစ်ဆင့် ဝယ်ယူနေရပြီး စက်သုံးဆီစျေးတွေ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။
အီရန်နဲ့ အမေရိကန်၊ အစ္စရေးတို့ တိုက်ပွဲကြောင့် စက်သုံးဆီအကြပ်အတည်း ဖြစ်လာပြီးနောက် စစ်ကောင်စီက စက်သုံးဆီတင်သွင်းမှုကို ကန့်သတ်ခဲ့ပြီး စက်သုံးဆီခွဲတမ်းကိုလည်း လျှော့ချခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။