ဆုမွန်၊ မေလ ၃၀ ရက်
နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာကြား ၁၂ မိုင်ဂိတ်မှာ ဂိတ်ထိုင်ထာရတဲ့ ကိုးကန့်တပ်မတော် – MNDAA က မီးသွေးတင်ကားတွေကို ဂိတ်ကြေးငွေဆိုပြီး ကား ၁စီးကို ငွေကျပ် ၁၀ သိန်းကျော်အထိ ကောက်ခံနေကြောင်း ကားသမားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နမ့်ခမ်း – နမ့်ဖက်ကာကြားမှာရှိတဲ့ ၁၂ မိုင်ကျေးရွာမှာ အထိုင်ချတဲ့ MNDAA တပ်ဟာ မီးသွေးတင်တဲ့ကားတွေကို ဂိတ်ကြေးဆိုပြီး တစ်စီးကို ယွမ် ၂ ထောင်ကျော် (ငွေကျပ် ၁၀သိန်းကျော်) ကောက်ခံနေပြီး ကျောက်ခဲနဲ့ တခြားကုန်တင်ကားတွေကိုတော့ ငွေ ၃ သိန်းကျပ်နဲ့ ကောက်ယူနေတယ်လို့ ပြောပါတယ်။
“မီးသွေးတင်ခတောင်းတာကတော့ အရမ်းများလွန်းပါတယ်။ တစ်တန်ကို ယွမ် ၁၅၀ နဲ့ တောင်းတာ ကားတစ်စီးဆိုရင် ၁၀ တန်ကနေ ၁၄ တန်ပဲ တင်နိုင်တယ်လေ။ ကျနော်တို့ကား ၂ စီးကို ယွမ် ၄ ထောင်(ငွေကျပ်ပေါင်း သိန်း၂၀) ကျော် တောင်းတယ်။ တစ်စီးကို ၂ ထောင်(ငွေကျပ် ၁၀ သိန်း) ပေးရတယ်။ ၁၃ မိုင် အနားမှာလည်း သူတို့က ကတ္တားနဲ့ ပြန်ချိန်တယ်။ မီးသွေးလုပ်တဲ့သူတွေက ငိုရုံပဲရှိတော့တယ်။ သူတို့ ချွေးစာနဲ့တောင် ရမှာမဟုတ်တော့ဘူး။ အခု မီးသွေးအစိုတွေဆိုရင် တစ်တန်ကို ယွမ် ၄၀၀ ပဲရတယ်လေ။ မီးသွေးလုပ်ကိုင်နေတဲ့သူတွေပဲ သူတို့အတွက် ဘာမှ မကျန်တော့ဘူး”
ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်မတိုင်ခင်မှာတော့ မီးသွေးဈေးနှုန်းဟာ တစ်တန်ကို ယွမ် ၁၂၀၀ (ငွေကျပ်ပေါင်း ၆ သိန်းကျော်)အထိ ဈေးကောင်းရခဲ့ပြီး လက်ရှိမှာတော့ မီးသွေးဈေး ပြန်လည်ကျဆင်းလာပြီး တစ်တန်ကို ယွမ် ၁၀၅၀ (ငွေကျပ်ပေါင်း ၆ သိန်းဝန်းကျင်)နဲ့ မီးသွေးအစိုဆိုရင် ယွမ် ၅၀၀( ငွေကျပ်ပေါင်း ၃ သိန်း) ဈေးရနေတာကြောင့် ဒေသခံတွေက MNDAAကို အခွန်ကောက်တာ လျှော့ပေးစေချင်တယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
“အခု မီးသွေးခြောက်တွေလည်း ရောင်းရခက်တယ်။ တစ်နေရာထဲမှာ အများကြီး စုပြုံထားပြီး ကြေကုန်ပြီလေ။ ကြေတဲ့ဟာတွေ အိတ် ၁၀၀ လောက်ပါပြီဆိုရင် တစ်စီးလုံး ဈေးနှုန်းတွေ အကုန်ဖြတ်ခံရတယ်” လို့ ဆိုပါတယ်။
အရင်က TNLA ထိန်းချုပ်စဉ်မှာ ကုန်တင်ကားတစ်စီးကို ငွေ ၂ သိန်းဝန်းကျင်အထိ တောင်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကိုးကန့်တပ်တွေဟာ ကုန်တင်ကားတစ်စီးကို ငွေ ၁၀ သိန်းကျော်အထိ တောင်းခံနေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။