ရွှေဖီမြေ၊ ဇူလိုင် ၃၀ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ရွာပိုင်မြေကို ၁၀၅ မိုင်အုပ်ချုပ်ရေးက ၎င်းပိုင်မြေဆိုပြီး အငြင်းပွားမှု ဖြစ်နေတဲ့ မြေနေရာကို အုပ်ချုပ်ရေးမှူးပိုင်မြေအဖြစ် ညီနောင်မဟာမိတ်ရဲ့ တရားရုံးက အနိုင်ပေးလိုက်တဲ့အပေါ် ရွာခံတွေက မကျေနပ်ဘဲ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ ၁ဝ၅ မိုင်ရှိ ညီနောင်မဟာမိတ်ရဲ့ တရားရုံးက အောက်နမ့်ဟွယ်ရွာခံနဲ့ ၁၀၅ မိုင် အုပ်ချုပ်ရေးမှူးအကြား ဖြစ်ပွားနေတဲ့ မြေပြဿနာကို နောက်ဆုံးအမိန့် ချခဲ့ရာ ၁၀၅ မိုင်အုပ်ချုပ်ရေးမှူး ဦးမောင်အေးက မြေပိုင်ဆိုင်မှုစာချုပ် ပြနိုင်တာကြောင့် အနိုင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဒီစာချုပ်ဟာ ဦးမောင်အေးက ရွာခံတွေ မသိအောင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး တရားရုံးဘက်က သေချာစိစစ်မှု မရှိဘဲ ရွာပိုင်မြေကို ဦးမောင်အေးတစ်ဦးတည်းပိုင်မြေအဖြစ် သတ်မှတ်လိုက်တဲ့အပေါ် လက်ခံနိုင်စရာ မရှိတာကြောင့် ဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ နမ့်ဟွယ်ရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တရားရုံးမှာ အမိန့်ချပြီးမှ ရွာခံတွေက မကျေနပ်တော့ ဒီဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ဆန္ဒပြကြတာပေါ့။ ပြီးတော့ တရားရုံးမှာ ဦးမောင်အေးကို ဘက်လိုက်နေသလို ဖြစ်နေတယ်။ ရွာဘုံပိုင်မြေဖြစ်ကြောင်း သက်သေ ပြခိုင်းပြီးတော့ အားနည်းချက် ရှာတာ”

၁ ဧကကျော်ရှိတဲ့ ၁၀၅ မိုင်-ကြူကုတ်လမ်းပိုင်းမှာရှိ အောက်နမ့်ဟွယ်ပိုင်မြေကို ရွာရန်ပုံငွေရဖို့ ရွာခံတွေက ကျောက်ထုတ်ဖို့အတွက် ပြင်ဆင်နေချိန် ဦးမောင်အေးဆိုသူက ၎င်းပိုင်မြေဖြစ်ကြောင်း ပြောဆိုရာကနေ အငြင်းပွားမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
ဦးမောင်အေးကတော့ လက်ရှိ အငြင်းပွားမှု ဖြစ်နေတဲ့ မြေနေရာဟာ လွန်ခဲ့တဲ့နှစ် ၂၀ ဝန်းကျင်က ကျောက်ထုတ်လုပ်ခဲ့တဲ့နေရာဖြစ်တယ်လို့ ရွှေဖီမြေကို ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။