ဝတ်ရည်၊ ဩဂုတ် ၁၇ ရက်၊ သံတွဲ
ရခိုင်ပြည် သံတွဲမြို့ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ထပ်ကြဲလို့ ဒေသခံ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က ထုတ်ပြန်ထားပါတယ်။
မနေ့ ဩဂုတ် ၁၆ ရက် မနက် ၇ နာရီဝန်းကျင်မှာ သံတွဲမြို့ပေါ်ရှိ အမှတ် ၈ (က)ရပ်ကွက်နဲ့ မောင်ရွှေလေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အဖေဖြစ်သူနဲ့ သမီးဖြစ်သူက သေဆုံးခဲ့တာ။ နေအိမ် ပျက်တာက ၇ လုံးလောက်ရှိမယ်။ ဒဏ်ရာရတဲ့အထဲမှာက ၂ ယောက်က ပြင်းထန်တဲ့အထဲပါတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အဖေဖြစ်သူ အသက် ၅၀ နှစ် ဦးမင်းနောင်နဲ့ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မချွန်းလဲ့တို့ သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကနေ မနေ့ ဩဂုတ် ၁၆ ရက်အတွင်း သံတွဲမြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁၆ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

AA ထိန်းချုပ်ဒေသကို စစ်တပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း ဆက်ရှိနေပါတယ်။
ဒေသခံတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းရန်ကို အထူးသတိထား နေထိုင်ကြဖို့ AA က အသိပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။