ပို့လဘား၊ ဩဂုတ် ၁၈ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီနေ့ ဩဂုတ် ၁၈ ရက် မနက် ၆ နာရီခွဲကျော်မှာ စစ်တပ်က ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာနဲ့ ကူကောင်းရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၆၀ နှစ်အရွယ်ရှိတဲ့ ဒေါ်မာရီသေဆုံးခဲ့ကာ နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
ဒေသခံတစ်ဦးက “ကူကောင်းရွာက ဒေါ်မာရီ သေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်။ညောင်ပင်ကြီးတောရွာကလည်း တစ်ဦးဒဏ်ရာရရှိထားတယ်”

စစ်တပ်ဟာ အရပ်သားပြည်သူလူထု နေထိုင်တဲ့ နေရာတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ် သတိထားနေထိုင်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကလည်း ဝက်လက်မြို့နယ် ပေါက်ကံဘူတာရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။