အလင်း၊ သြဂုတ် ၂၅ ရက်၊ ပလက်ဝ
ချင်းပြည်နယ် ပလက်ဝမြို့နယ် လယ်လှအုပ်စု စိမ့်ညှင်းဝရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးမှု များတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
စိမ့်ညှင်းဝရွာဟာ ကျောက်တော်-ပလက်ဝ ကားလမ်းမဘေး နှမဒါတံတားအနီးမှာရှိပြီး ရခိုင်လူမျိုးတွေ နေထိုင်တဲ့ရွာဖြစ်သလို ရခိုင်ပြည်နယ်ဘက်ကနေ စစ်ဘေးရှောင်တွေ ရာနဲ့ချီ ပြောင်းရွှေ့နေထိုင်တဲ့ကျေးရွာလည်း ဖြစ်ပါတယ်။
မနေ့ သြဂုတ် ၂၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနှစ်စီး လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“ရွာထဲမှာတော့ မဟုတ်ဘူး။ ရခိုင်ဘက်ကနေ ပြောင်းရွှေ့နေထိုင်တဲ့နေရာကို ဗုံးကြဲသွားတာပါ။ အဲနေရာက ရွာထက်တောင် လူတွေ စည်ကားနေသေးတယ်” လို့ ပလက်ဝမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဗုံးကြဲမှုကြောင့် လူ ဒါဇင်နဲ့ချီ ထိခိုက်မှုရှိပြီး ကယ်ဆယ်ရေး ဆောင်ရွက်နေသေးတာကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။
“သေဆုံးဒဏ်ရာရတဲ့ စာရင်းကိုတော့ မသိရသေးဘူး။ လောလောဆယ် ထိခိုက်မှု များတာလောက်ပဲ သိရသေးတယ်” လို့ အထက်ပါ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးကုသဖို့အတွက် အခြားနေရာဒေသဘက် ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်ကလည်း ပလက်ဝမြို့နယ် ဆမီးမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ များခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။