အလင်း၊ ဇွန်လ ၂၀ ရက်၊ ကျင်ဒွေး
ချင်းညီနောင်- CB ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၆ ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဇွန်လ ၁၉ ရက် ညသန်းခေါင်ယံ ၁၂ နာရီဝန်းကျင်မှာ CB ထိန်းချုပ်ထားတဲ့ ကျင်ဒွေးမြို့ထဲက အရပ်သားတွေ အိပ်မော ကျနေစဉ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာပဲ ဖြစ်ပါတယ်။
“ညဘက် လူတွေ အိပ်မောကျနေချိန်မှာ ဗုံး လာကြဲတော့ ထွက်ပြေးချိန် မရလိုက်ဘူးလေ။ အဲမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှု များရတာ ဖြစ်ပါတယ်။ နောက်ပြီး ပုံမှန်အခြေနေမျိုးမှာဆိုတော့ ဘယ်သူမှ ပြင်ဆင်မှုတွေ မလုပ်တော့ ပိုဆိုးတာပေါ့” လို့ ကျင်ဒွေးဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့အပြင် လူနေအိမ်လည်း ဆုံးရှုံးခဲ့ပါတယ်။
“သေဆုံးသွားတဲ့ ၆ ယောက်က ပွဲချင်းပြီး ဆုံးတာပါ။ ဒဏ်ရာ ရတာက ၁၁ ယောက်လောက် ရှိတယ်။ ပြင်းထန်ဒဏ်ရာ ရတာလည်းပါတယ်။ အခုသူတို့ကို ဆေးကုသမှုတွေ လုပ်ပေးနေပါတယ်” လို့ အထက်ပါ ကျင်ဒွေးဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ဇွန်လ ၂၀ ရက် နေ့လယ် ၁၂ နာရီကလည်း တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ကန်ပက်လက်မြို့အနီးကို လေးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။