ဝတ်ရည်၊ မေလ ၉ ရက်၊ မင်းပြား
ရခိုင်ပြည် မင်းပြားနဲ့ ကျောက်တော်မြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က ထုတ်ပြန်ထားပါတယ်။
ဒေသခံ အမျိုးသားတစ်ဦး ပြောတာက “မေလ ၇ ရက်က နေ့လယ်နဲ့ညပိုင်း ကြဲသွားတာလေ။ ဆက်တိုက် ဗုံးတွေ မရပ်မနား လာချသွားတာ။ ဒေသခံတွေအနေနဲ့လည်း လေကြောင်းကို အထူးဂရုစိုက်ရမှာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ မင်းပြားမြို့နယ် ကျောက်ခုတ်ရွာ အရှေ့တောင်ဖက်ရှိ ကင်းမွန်ချောင်းဂျိုင်နဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာအတွင်း လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၇ ရက်မှာတင် ကျောက်တော်မြို့နယ် သုံးခွအနီးပတ်ဝန်းကျင်ကိုလည်း ဂျက်ဖိုက်တာ ၄ စီးနဲ့ ည ၁၀ နာရီခွဲခန့်မှာ ပေါင် ၅၀၀ ဗုံး ၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး၊ အကျဉ်းထောင် ဆေးဝန်ထမ်း ၁ ဦးနဲ့ ကလေး ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူအပါအဝင် ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက် မနက် ၁၀ နာရီမှာလည်း မြောက်ဦးမြို့နယ်ထဲက မြိုလူမျိုး နေထိုင်တဲ့ ကျောက်ဆည်ပြင်ရွာကို စစ်တပ်ဟာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်အပါအဝင် ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။